Home
နိုင်ငံတကာ
ချင်းရိုင်းတွင် ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၁၇ သိန်းနီးပါး ဖမ်းမိ 
DVB
·
July 14, 2025
Photo: Maesai Press

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင်ထဲမှာ ဇူလိုင် ၁၂ ရက် တနေ့တည်း ပိုင်ရှင်မဲ့ စိတ်ကြွဆေး ၁ သန်း ၇ သိန်းနီးပါးနဲ့ ဘိန်းစိမ်းတွေပါ ဖမ်းမိတယ်လို့  မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ မူးယစ်ဆေးဝါး သယ်ဆောင်ဖို့ရှိကြောင်း ကြိုတင်သတင်းပေးချက်ရတာကြောင့် အမှတ် ၅ တိုင်းဒေသ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့နဲ့ နယ်မြေခံရဲတွေဟာ ဇူလိုင် ၁၂ ရက် မနက်ကတည်းက မယ့်ကျန်းမြို့နယ်၊ မယ်ဆိုင်-မယ့်ကျန်း လမ်းပေါ်မှာ မသင်္ကာဖွယ်ကားတွေ တားဆီးစစ်ဆေးခဲ့ပါတယ်။

မနက် ၁ နာရီခွဲလောက်မှာတော့ မယ်ဆိုင်ဘက်ကနေ ဝင်ရောက်လာတဲ့ မီးခိုးရောင် ဟိုင်းလပ်စ် ကားတစီးကိုပါ တားဆီးစစ်ဆေးခဲ့တာမှာ ရပ်မပေးဘဲ အရှိန်မြှင့် မောင်းထွက်သွားတာကြောင့် တာဝန်ရှိသူတွေက နောက်ကကားနဲ့ လိုက်ဖမ်းခဲ့ပါတယ်။

မယ့်ကျန်းမြို့နယ် ပါဆန်းလုံရွာနားရောက်တော့ လမ်းဘေးမှာ ရပ်ထားတဲ့ အဲဒီကားကို တွေ့ပေမဲ့ ကားထဲမှာ လူမရှိလို့ ကားပေါ် ဝင်စစ်ကြတာမှာ  စိတ်ကြွဆေး ၂ သိန်းစီ ထည့်ထားတဲ့   ဆာလာအိတ် ၆ လုံး၊  စုစုပေါင်းစိတ်ကြွဆေးပြားပေါင်း  ၁ သန်း ၂ သိန်း ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ 

ဇူလိုင် ၁၂ ရက် ည ၈ နာရီခွဲလောက်မှာလည်း ချင်းရိုင်းခရိုင် မယ်ဖာ့လုံမြို့နယ် မယ့်စလောင်းနောက်ရွာအနီး စစ်ဆေးရေးဂိတ်မှာ မရပ်နားဘဲ ဖြတ်ပြေးသွားတဲ့ ဟိုင်းလပ်စ်ကားတစီးနောက်ကို တာဝန်ရှိသူတွေက လိုက်ဖမ်းခဲ့ပါတယ်။

အဆိုပါကားဟာ ဘန့်ပုံပါခဲမ်ကျေးရွာအနီးမှာ ရပ်ထားတာကို တွေ့ရပြီး ယာဉ်မောင်းကတော့ ထွက်ပြေးသွားပါတယ်။ ကားပေါ်မှာ အိတ် ၅ လုံး တွေ့ရှိပြီး အိတ် ၄ လုံးထဲကနေ စိတ်ကြွဆေးပြား ၄၉၆,၀၀၀ ပြားနဲ့ ကျန်တဲ့ အိတ်ထဲကနေ ဘိန်းစိမ်း အလေးချိန် ၂၅ ကီလိုဂရမ်ကို ဖမ်းဆီးရမိလို့ တာဝန်ရှိသူတွေဟာ မူးယစ်ဆေးကွင်းဆက်တွေပါ ဖမ်းဆီးအရေးယူနိုင်ဖို့ မော်တော်ကားပိုင်ရှင်ကို လိုက်လံစုံစမ်းနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source:  Maesai Press

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013