
နေပြည်တော်ကို သယ်လာတဲ့ ကျပ်သိန်း ၉,၀၀၀ ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူနဲ့ စိတ်ကြွဆေးတွေ ဖမ်းမိတယ်လို့ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီက ဇွန် ၃၀ ရက် ညမှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဇွန် ၂၆ ရက် မနက် ၇ နာရီခွဲက မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာနားမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာကနေ တပ်ကုန်းမြို့နယ်ကို နေလင်းအောင် (ခ) နေလင်း မောင်းနှင်လာတဲ့ Mitsubishi Pajero ကားကို စစ်ဆေးရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။
ကားပေါ်ကနေ ဘိန်းဖြူဘလောက်အတုံး ၁၀၀၊ စုစုပေါင်းအလေးချိန် ၃၅ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၂,၀၀၀ နဲ့ ကက်တမင်း ၁ ဒသမ ၁ ကီလိုဂရမ်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဆီဆိုင်မြို့နယ်ကနေ တပ်ကုန်းမြို့နယ်ဆီကို သယ်ဆောင်လာတာလို့ သိရပြီး သူ့ကို အရေးယူထားသလို ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
ပုံမှန်ဆိုရင်တော့ တန်ဖိုးအများအပြားရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းမိတဲ့အခါ ကွင်းဆက်ပါဝင်သူတွေကို စစ်ဆေးဖော်ထုတ်ဖမ်းမိပြီးမှ သတင်းထုတ်ပြန်လေ့ရှိပေမဲ့ ဒီအမှုမှာရော ဇွန် ၂၄ ရက်က ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ ကျပ်သိန်း ၁၃,၅၀၀ ဖိုး မူးယစ်ဆေးတွေ ဖမ်းမိရာမှာရော ကွင်းဆက်တွေမမိသေးဘဲ မြန်မြန်ထုတ်ပြန်လာတာကို တွေ့ရပါတယ်။