Home
နိုင်ငံတကာ
အမေရိကန်စစ်တပ်ကို နည်းပညာအကူအညီပေးရာ၌ တရုတ်အင်ဂျင်နီယာ အသုံးပြုမှု မိုက်ခရိုဆော့ဖ် ရပ်ဆိုင်းမည်
DVB
·
July 19, 2025
Photo :Reuters

အမေရိကန်နိုင်ငံစုံကော်ပိုရေးရှင်းနဲ့ နည်းပညာလုပ်ငန်းစုကြီး မိုက်ခရိုဆော့ဖ်ကုမ္ပဏီဟာ အမေရိကန် စစ်တပ်ကို နည်းပညာအကူအညီပေး‌ရာမှာ တရုတ်နိုင်ငံအခြေစိုက် အင်ဂျင်နီယာတွေကို အသုံးပြုတာ ရပ်ဆိုင်းမယ်လို့  ဇူလိုင် ၁၈ ရက်မှာ ပြောပါတယ်။

ProPublica အမည်ရှိ စုံစမ်းစစ်ဆေးရေးသတင်းမီဒီယာက ထုတ်ဝေခဲ့တဲ့ အစီရင်ခံစာ တစောင်အပေါ် အမေရိကန်အထက်လွှတ်တော်အမတ်တယောက်ရဲ့ မေးခွန်းတွေ မေးမြန်းလာခဲ့ အပြီး ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆသ်က ပန်တဂွန်ရဲ့ ကလောက်ဒ် သဘောတူညီချက်တွေကို ၂ ပတ်ကြာ ပြန်လည်သုံးသပ်ဖို့ အမိန့်ပေးခဲ့ပြီးနောက်မှာ ခုလို ရပ်ဆိုင်းမယ့် ကြေညာချက် ထုတ်ပြန်လာခဲ့တာပါ။

အစီရင်ခံစာထဲမှာ မိုက်ခရိုဆော့ဖ်က အမေရိကန် ဒစ်ဂျစ်တယ်လုံခြုံရေးအစောင့်အကြပ်တွေရဲ့ ကြီးကြပ်မှုအောက်မှာ တရုတ်အခြေစိုက် အင်ဂျင်နီယာတွေကို အမေရိကန်စစ်တပ်ပိုင် Cloud System တွေမှာ အသုံးပြုမှုကို အသေးစိတ်ဖော်ပြထားပါတယ်။ 

အဲဒီ တရုတ်အင်ဂျင်နီယာတွေဟာ လုံခြုံရေး ရှင်းလင်းစိတ်ချရမှုရှိပေမဲ့ သူတို့ လုပ်ဆောင်ရတဲ့အလုပ်တွေက ဆိုက်ဘာလုံခြုံရေးကို ခြိမ်းခြောက်မှု ရှိ မရှိ အကဲဖြတ်ဖို့ကို နည်းပညာစွမ်းရည်ပိုင်း ကျွမ်းကျင်မှု မရှိကြတဲ့ ကန်ထရိုက်တွေကတဆင့် ငှားရမ်းထားတာလို့လည်း ဆိုပါတယ်။

အမေရိကန်အစိုးရအတွက် အဓိက ကန်ထရိုက်တာဖြစ်တဲ့ မိုက်ခရိုဆော့ဖ်ရဲ့ စနစ်တွေကို တရုတ်နဲ့ ရုရှားဟက်ကာတွေက ချိုးဖောက်ခဲ့ပါတယ်။

မိုက်ခရိုဆော့ဖ်ဟာ အမေရိကန်အစိုးရထံမှာ တရုတ်အခြေစိုက် အင်ဂျင်နီယာတွေကို အသုံးပြုခွင့် ရယူဖို့  လုပ်ငန်းစဉ်အတွင်းမှာ တရားဝင်ခွင့်ပြုချက်ရထားပြီးသားပါလို့ ProPublica မီဒီယာကို ပြောပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆသ်က သူဟာ ကာကွယ်ရေးဌာနအတွင်းရှိ တခြား cloud ဝန်ဆောင်မှုစာချုပ်တွေမှာ တရုတ်အခြေစိုက် အင်ဂျင်နီယာတွေ မပါဝင်ကြောင်း သေချာစေဖို့ ၂ ပတ်ကြာ ပြန်လည်သုံးသပ်မှုကို စတင်လုပ်ဆောင်နေကြောင်း  သောကြာနေ့က X မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ ပြောထားပါတယ်။ 

တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ Cloud ဝန်ဆောင်မှုတွေမှာ အခုကစပြီး နောက်ထပ် ပါဝင် ပတ်သက်ခြင်း လုံးဝမရှိတော့ကြောင်း ကြေညာလိုက်ပါတယ် လို့ ဟဂ်ဆသ်က ပြောပါတယ်။ 

ဒါ့အပြင်  စစ်တပ် အခြေခံအဆောက်အအုံတွေနဲ့ အွန်လိုင်းကွန်ယက်တွေကို ခြိမ်းခြောက်မှု အားလုံးကိုလည်း ဆက်လက် စောင့်ကြည့်ပြီး တုံ့ပြန် တိုက်ဖျက်သွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013