ကမ္ဘာတဝန်းမှာ ဆိုက်ဘာနည်းပညာဆိုင်ရာ ပြတ်တောက်မှု ဖြစ်ပေါ်စေခဲ့တဲ့ CrowdStrike ကုမ္ပဏီက ၁၀ ဒေါ်လာတန် ကူပွန်တွေကို တောင်းပန်တဲ့အနေနဲ့ ပြန်ပေးခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
လွန်ခဲ့တဲ့အပတ်တုန်းက နည်းပညာဆိုင်ရာ ပြတ်တောက်မှုကြောင့် ဘဏ်တွေ၊ ဆေးရုံတွေနဲ့ လေကြောင်းလိုင်းတွေကိုပါ ထိခိုက်မှုရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် CrowdStrike ကုမ္ပဏီဘက်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဖက်လုပ်ငန်းတွေကို UberEats မှာ ၁၀ ဒေါ်လာဖိုး မှာယူစားသောက်နိုင်မယ့် ကုတ်တွေ ဝေမျှပေးခဲ့ပါတယ်။
ဒီဆိုက်ဘာလုံခြုံရေးကုမ္ပဏီရဲ့ Software Update တင်ရာကနေ Microsoft Window ကွန်ပျူတာပေါင်း ၈ ဒသမ ၅ သန်းကို အပြာရောင်မျက်နှာပြင်နဲ့ အသုံးပြုမရ ဖြစ်စေခဲ့တာပါ။
ဒီလိုမျိုး အလုပ်ပိုစေခဲ့တဲ့ ဖြစ်ရပ်ကြောင့် ကျေးဇူးတင်ကြောင်း ဖော်ပြမှုအဖြစ် ကော်ဖီတခွက် ဒါမှမဟုတ် ညလယ်စာမုန့်တခု ဝယ်စိုက်ပေးပါရစေ ဆိုပြီး အီးမေးလ်မှာ ရေးသားထားပါတယ်။
Uber မှာလည်း အသုံးပြုနှုန်း များလာတဲ့အတွက် လက်ခံရရှိထားတဲ့ကူပွန်နဲ့ မှာမရဘူးဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်ထားကြပါတယ်။
ဇူလိုင် ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ အသေးစိတ်သုံးသပ်မှု အစီရင်ခံစာအရ Software Update အတွက် အရေးပါတဲ့စနစ် ချွတ်ယွင်းခဲ့တာဖြစ်ပြီး ဒါကို ပြုပြင်ပြီးဖြစ်သလို ဒါမျိုး ထပ်မဖြစ်အောင်လည်း ကာကွယ်နိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒီပြတ်တောက်မှုကြောင့် မိုက်ခရိုဆော့ဖ် မပါဝင်သေးတဲ့ အမေရိကန်ထိပ်တန်းကုမ္ပဏီ ၅၀၀ ရဲ့ ဝင်ငွေဆုံးရှုံးမှုနဲ့တင် ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံအထိရှိပြီး အဲဒီပမာဏထဲက သန်း ၅၀၀ ကနေ ၁ ဘီလီယံသာ အာမခံရှိထားတယ်လို့ ပယ်ရာမက်ထရစ်(စ်) အာမခံလုပ်ငန်းအရ သိရပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး CrowdStrike ရဲ့ စီအီးအိုဖြစ်သူ ဂျော့ချ်ကာ့တ်ဇ် ကိုယ်တိုင် တောင်းပန်ထားပေမဲ့လည်း လွှတ်တော်မှာ စစ်ဆေးမေးမြန်းခံရမှာ ဖြစ်ပါတယ်။
တချိန်တည်းမှာ CrowdStrike သုံးစွဲသူတွေနဲ့အတူ ထိခိုက်ခဲ့ရသူတွေအတွက် ဘယ်လိုမျိုးလျော်ကြေးငွေ တောင်းခံနိုင်မလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
Source-Reuters