သမိုင်းမှာ အကြီးမားဆုံး အိုင်တီနည်းပညာ ပြတ်တောက်မှုကြီးကြောင့် ကမ္ဘာအနှံ့က လေကြောင်းပျံသန်းမှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ လက်လီအရောင်းတွေက ပစ္စည်းသယ်ပို့မှုကအစ ဆေးရုံတွေမှာ ခွဲစိတ်ကုသမှုတွေအထိ လုပ်ငန်းနယ်ပယ် အများအပြားမှာ ထိခိုက်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ဟာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ CrowdStrike ရဲ့ ဆော့ဖ်ဝဲ အက်ပ်ဒိတ်ကြောင့် ဖြစ်ခဲ့ရတာပါ။
သက်ရောက်မှုရှိတဲ့ စက်တလုံးချင်းစီကို ပြင်ဆင်ရတာဟာ လက်ဝင်ပြီး အချိန်ကြာတဲ့အတွက် စနစ်တွေအကုန် ပုံမှန်ပြန်ဖြစ်ဖို့ အချိန်ယူခဲ့ရပါတယ်။ ဒီအတွက် CrowdStrike က တောင်းပန်ထားပေမဲ့ ဘယ်လိုလျော်ပေးမလဲ ဆိုတာတော့ လုံးဝထည့်မပြောပါဘူး။
ကျွမ်းကျင်သူတွေကတော့ လျော်ကြေးတောင်းလာတာ၊ တရားစွဲဆိုတာတွေ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
သပိတ်မှောက်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပြတ်တောက်မှုတွေနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်ကို ခန့်မှန်းရာမှာ အထူးပြုထားတဲ့ သုတေသနကုမ္ပဏီ Anderson Economic Group ကတော့ ဒီစရိတ်တွေ ပေါင်းလိုက်ရင် အသာလေး ဒေါ်လာ ၁ ဘီလီယံကျော်မယ်လို့ မှန်းထားပါတယ်။
အမေရိကန် ကားအရောင်းအဝယ်လုပ်ငန်းအတွက် ဝန်ဆောင်မှုပေးတဲ့ ဆော့ဖ်ဝဲကုမ္ပဏီ CDK Global အဟက်ခံရတုန်းကလည်း ဒေါ်လာ ၁ ဘီလီယံကျော်မယ်လို့ ဒီကုမ္ပဏီကပဲ တွက်ချက်ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီပြဿနာတုန်းက အခုထက် အချိန်ပိုကြာပေမဲ့ သက်ရောက်တဲ့ လုပ်ငန်းနယ်ပယ်က ကျဉ်းမြောင်းခဲ့ပါတယ်။
အခု ဆိုက်ဘာပြတ်တောက်မှုဟာ အဆင်မပြေဖြစ်ရာကနေ ဆိုးဆိုးရွားရွား ပြဿနာတက်တဲ့အထိ မတူညီတဲ့ သက်ရောက်မှုတွေ ရှိနေပြီး အလွယ်ပြန်မရနိုင်တဲ့ ကုန်ကျစရိတ်တွေ ပါရှိခဲ့ပါတယ်။
CrowdStrike ကုမ္ပဏီဟာ ဆိုက်ဘာလုံခြုံရေးနယ်ပယ်မှာ လွှမ်းမိုးထားပေမဲ့ သူ့ဝင်ငွေက တနှစ်ကို ဒေါ်လာ ၄ ဘီလီယံအောက်သာ ရှိပါတယ်။
ဝန်ဆောင်မှုရယူသူတွေနဲ့ စာချုပ်မှာ ပေးလျော်မှုကနေ ကာကွယ်တဲ့အချက်တွေ CrowdStrike ဘက်က ထည့်ချုပ်ထားမယ်လို့လည်း ယူဆရပါတယ်။
အရင်တုန်းကလည်း ရုရှားက အမေရိကန်အစိုးရ အေဂျင်စီတွေကို ဟက်တော့ SolarWinds ဆော့ဖ်ဝဲကုမ္ပဏီကို စတော့အိတ်ချိန်းကော်မရှင်က တရားစွဲတဲ့အခါမှာ ကော်မရှင်ဘက်က အရေးနိမ့်ခဲ့ပါတယ်။
ပေးလျော်ရမယ့်ကိစ္စအများစုကို CrowdStrike အနေနဲ့ ရှောင်လွှဲနိုင်ရင်တောင် ရှယ်ယာစျေး ထိုးကျနေတဲ့ ပြဿနာကိုတော့ ဖြေရှင်းဖို့ မလွယ်ကူတော့ပါဘူး။
၁၀ နှစ်ကျော်ကြာ တည်ဆောက်ခဲ့တဲ့ နာမည်တခုကို နာမည်ဆိုးက နေ့ချင်းညချင်း လွှမ်းသွားတာကြောင့် ပြန်နာလန်ထူဖို့ ခက်ခဲမယ်လို့ ပညာရှင်တွေက သုံးသပ်ထားပါတယ်။
Source-Reuters