Home
နိုင်ငံတကာ
ဂါဇာရှိ ကက်သလစ်ဘုရားကျောင်းကို အစ္စရေးတိုက်ခိုက်မှုကြောင့် လူ ၃ ဦးသေဆုံး
DVB
·
July 18, 2025
Photo: Reuters

ဂါဇာမှာရှိတဲ့ တခုတည်းသော ကက်သလစ်ဘုရားကျောင်းကို အစ္စရေးတိုက်ခိုက်ခဲ့တာကြောင့် လူ ၃ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရတယ်လို့ ဂျေရုစလင် လက်တင်ဂိုဏ်းအုပ်ဆရာတော်ကျောင်းက အတည်ပြုပါတယ်။

မိသားစုဘုရားကျောင်းကို တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသားတယောက် သေဆုံးခဲ့ပြီး မြင့်မြတ်တဲ့နေရာမှာရှိတဲ့ အပြစ်မဲ့တဲ့ အရပ်သားတွေ သေဆုံးမှုအတွက် လက်တင်ဂိုဏ်းအုပ်ဆရာတော်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

ဘုရားကျောင်းက ထုတ်ပြန်ချက်ထဲမှာ ဒဏ်ရာရသူတချို့က ပြင်းထန်တယ်လို့ ပါရှိပါတယ်။

ပုပ်ရဟန်းမင်းကြီး လီယိုက ဒီသတင်းဟာ အရမ်းဝမ်းနည်းမိကြောင်း ပြောဆိုထားပြီး ဂါဇာမှာ ချက်ချင်းအပစ်အခတ်ရပ်စဲဖို့ လိုတယ်လို့လည်း တယ်လီဂရမ်မှာ ပြောဆိုထားပါတယ်။

အစောပိုင်းမှာ အစ္စရေးက ထုတ်ပြန်ပြောဆိုတာမျိုး မရှိပေမဲ့ ကြာသပတေးနေ့မှာ အစ္စရေးစစ်တပ်က ဘုရားကျောင်းကို မှားယွင်းပစ်ခတ်ခဲ့မှုနဲ့ပတ်သက်ပြီး ဒုံးကျည်အစိတ်အပိုင်းကို  ပြန်လည်စိစစ်သွားမယ်လို့ ဆိုပါတယ်။

အစ္စရေးဟာ ဘုရားကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မရှိကြောင်းနဲ့ အရပ်သားတွေကို ထိခိုက်မိတဲ့အတွက် ဝမ်းနည်းမိကြောင်းလည်း ပြောဆိုထားပါတယ်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း အရမ်းဝမ်းနည်းမိကြောင်း၊ စုံစမ်းမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း၊ အရပ်သားနဲ့ ဘာသာရေးအဆောက်အအုံ နေရာတွေကို အကာအကွယ်ပေးဖို့ ကတိပြုကြောင်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဘုရားကျောင်းတိုက်ခိုက်မှုကြောင့် အရင်ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဆီ အစ္စရေး-ပါလက်စတိုင်း အရေးကို ပုံမှန် သတင်းပေးပို့လေ့ရှိတဲ့ ဖာသာ ဂါဘရီရယ်ရိုမာနယ်လီလည်း ဒဏ်ရာရခဲ့ပြီး အဆောက်အအုံလည်း ပျက်စီးခဲ့တယ်လို့ ဂိုဏ်းချုပ်က ပြောဆိုထားပါတယ်။

ဘာသာရေးအဆောက်အအုံကို တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး အစ္စရေးကို အီတလီဝန်ကြီးချုပ် ကလည်း ပြစ်တင်ရှုတ်ချထားပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024