
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က လက်ဖက်ပွဲရုံ အများစုဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှာ စိုးရိမ်ပြီး အရောင်း၊ အဝယ် ရပ်ထားတာကြောင့် ဒေသတွင်းက လက်ဖက်တောင်သူတွေမှာ နေ့စဉ်ဘဝရပ်တည် ဖို့အတွက် ခက်ခဲလာနေပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့က လူနေရပ်ကွက်တွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေလို့ လူနေအိမ်တွေပျက်စီးပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်းရှိနေပါတယ်။
ဒါ့ကြောင့် ကျောက်မဲမြို့မှာရှိတဲ့ လက်ဖက်ပွဲရုံ အများစုဟာ အရောင်း၊ အဝယ်ရပ်ထားတာကြောင့် ဒေသတွင်းက လက်ဖက်တောင်သူတွေမှာ နေ့စဉ်ဘဝရပ်တည် ဖို့အတွက် စားဝတ်နေရေးတွေ ခက်ခဲလာနေပါတယ်လို့ ဒေသခံ လက်ဖက်တောင်သူတယောက်က ပြောပါတယ်။
ကျောက်မဲမြို့နယ် အပါအဝင် ပတ်ဝန်းကျင်တောင်ပေါ်ဒေသတွေက ထွက်ရှိတဲ့ လက်ဖက်စိုနဲ့ လက်ဖက်ခြောက်တွေကို မြန်မာပြည် မြေပြန့်ဘက်တွေဆီ အဓိကတင်ပို့ ရောင်းချတာပါ။
လက်ရှိ နိုင်ငံအနှံ့နီးပါးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူမှုဘ၀ မလုံခြုံမှုတွေ ကုန်သွယ်စီးဆင်းရေး အဆင်မပြေတာတွေ ဝယ်လိုအား ရောင်းလိုအားနဲ့ ဈေးကွက် အခြေအနေတွေအပြင် သယ်ယူစာရိတ်၊ အခွန်အခ၊ ဆက်ကြေးနဲ့ လမ်းကြေးတွေကြောင့် လက်ဖက်ကုန်သည်တွေဘက်မှာလည်း အခက်ခဲတွေရှိနေတယ်လို့ ကျောက်မဲမြို့နယ်က လက်ဖက်ကုန်သည် တယောက်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လက်ဖက်ဈေးကွက်မှာ တရုတ်နိုင်ငံဘက်နေ လက်ဖက်ခြောက်တွေ ဈေးပေါပေါနဲ့ ဝင်နေတဲ့အပြင် ကိုယ်ကျိုးစီးပွားသမားတွေက အချိုခြောက်နဲ့ အဖန်ခြောက်တွေကို Recycle ပြန်လုပ်ပြီး ဈေးကွက်မှာ ရောင်းချနေတာတွေကြောင့်လည်း လက်ဖက်ကုန်သည်တွေနဲ့ တောင်သူတွေမှာ ပိုပြီး ကျပ်တည်းလာနေကြပါတယ်။