
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က ပရဟိတအဖွဲ့တွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ခံနေရတဲ့ကြားက လူမှုကူညီရေးအလုပ်တွေကို အသက်အန္တရာယ်ရင်းပြီး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့က လူနေရပ်ကွက်တွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ဒါ့ကြောင့် စစ်ဘေးရှောင်ပြည်သူတွေကို စားသောက်နေထိုင်ရေးတွေ ကူညီနေတဲ့ ဒေသတွင်းက ပရဟိတအဖွဲ့တွေဟာ လူမှုကူညီရေးတွေကို အသက်အန္တရာယ်ရင်းပြီး ဆောင်ရွက်နေကြရတယ်လို့ ဆိုပါတယ်။
ကျောက်မဲမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နောင်ချိုမြို့ဘက်ကနေ စစ်ဘေးတိမ်းရှောင်လာသူဦးရေ သောင်းနဲ့ချီပြီး ရှိနေပါတယ်။
သူတို့တွေဟာ ယာယီစစ်ဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြပြီး ဆွေမျိုးနီးစပ်တော်သူတွေနဲ့ မိတ်ဆွေတွေအိမ်မှာ မှီခိုနေထိုင်နေကြတာလည်း ရှိပါတယ်။
သူတို့တွေကို ကူညီပေးနိုင်ဖို့ လူဦးရေစာရင်းကောက်ယူတဲ့ နေရာမှာလည်း လုံခြုံရေးအရ အထင်အမြင် လွဲမှားမှာကိုလည်း စိုးရိမ်နေရတယ်လို့ ပရဟိတအဖွဲ့တွေက ဆိုပါတယ်။
TNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေဟာ ကျောက်မဲမြို့ကို ၂၀၂၄ ဇွန်လပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးယန္တရားတွေ တည်ထောင်နေတာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်ဟာ ကျောက်မဲမြို့ကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံး၊ ဒဏ်ရာရသူ စာရင်းလည်း မြင့်တက်လာနေပါတယ်။