
ဆမ်ဆောင်း အီလက်ထရောနစ်ဥက္ကဋ္ဌ လီဂျေယောင်းမှာ စာရင်းလိမ်လည်မှု စွဲချက်တွေအတွက် အပြစ်မရှိကြောင်း ဇူလိုင် ၁၇ ရက်မှာ တောင်ကိုရီးယား တရားရုံးချုပ်က ဆုံးဖြတ်လိုက်ပါတယ်။
၂၀၁၅ ခုနှစ်တုန်းက ဒေါ်လာ ၈ ဘီလီယံ တန်ကြေးရှိတဲ့ ကုမ္ပဏီပူးပေါင်းမှုမှာ စာရင်းလိမ်လည်မှုနဲ့ စတော့ကြိုးကိုင်ခြယ်လှယ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်တွေအတွက် အပြစ်မရှိကြောင်း အောက်ရုံး ၂ ရုံးရဲ့ ဆုံးဖြတ်ချက်ကို တရားရုံးက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
ဆမ်ဆောင်းတည်ထောင်သူရဲ့ မြေး၊ ၂၀၁၄ ကတည်းက ကုမ္ပဏီကို ဦးဆောင်ခဲ့သူ လီဟာ လုပ်ငန်းစုတခုလုံးကို ထိန်းချုပ်နိုင်ဖို့ မသမာမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။
ချီဘိုးလ် လို့ခေါ်တဲ့ ဩဇာရှိတဲ့ မိသားစုပိုင်လုပ်ငန်းကြီးတွေနဲ့ ပတ်သက်တဲ့ ကော်ပိုရိတ် အဂတိလိုက်စားမှု အရှုပ်တော်ပုံတွေကြောင့် ထင်ရှားတဲ့ တောင်ကိုရီးယားမှာ ဆမ်ဆောင်းဥက္ကဋ္ဌရဲ့ အမှုဟာ အများစောင့်ကြည့်ခံခဲ့ရပါတယ်။
လီနဲ့ သူ့အကြံပေးတွေဟာ စာရင်းလိမ်ပြီးတော့ သူ့ရဲ့ ဆေးဝါးကုမ္ပဏီ Samsung Biologics တန်ဖိုးကို ပိုပြခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုတန်ဖိုးပိုပြတာကြောင့် လီဟာ ၂၀၁၅ မှာ ကုမ္ပဏီတွေ ပူးပေါင်းတဲ့အခါ အဓိကကျတဲ့ ဆမ်ဆောင်းလက်အောက်ခံ ကုမ္ပဏီတခုရဲ့ ရှယ်ယာအများစုကို ဝယ်ယူခွင့်ရခဲ့ပြီး လုပ်ငန်းစုကြီး တခုလုံးကိုပါ ဦးဆောင်သူအဖြစ် ဆက်ခံခွင့်ရခဲ့တာလို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုလုပ်ခြင်းအားဖြင့် လီဂျေယောင်းရဲ့ ဖခင်ဖြစ်သူ လီကွန်ဟီး လက်ထဲကနေ ကုမ္ပဏီထိန်းချုပ်မှုကို ရယူနိုင်ခဲ့တယ်လို့ ဥပဒေအရာရှိတွေက စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။
လီကွန်ဟီး ကိုယ်တိုင်လည်း အမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ၂၀၁၄ မှာ ရုတ်တရက် နှလုံးဖောက်ခဲ့ကာ ကျန်းမာရေးထိခိုက်ပြီးတော့ ၂၀၂၀ မှာ ကွယ်လွန်ခဲ့ပါတယ်။
လီဂျေယောင်းဟာ ၂၀၁၇ တုန်းက ဆမ်ဆောင်းကို သူဆက်ခံခွင့်ရရေး ချောမွေ့အောင်လို့ သမ္မတ ပတ်ကွမ်ဟေးရဲ့ အကြံပေးပုဂ္ဂိုလ်ကို လာဘ်ပေးမှုနဲ့ အဖမ်းခံခဲ့ရဖူးပါတယ်။
အဲဒီအမှုအတွက် ထောင်ဒဏ်ကျခံခဲ့ရပေမဲ့ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
ကိုဗစ်ကာလအလွန်မှာ တိုင်းပြည်စီးပွားရေး နာလန်ထူဖို့အတွက် နိုင်ငံ့အကြီးဆုံးကုမ္ပဏီရဲ့ ခေါင်းဆောင်ကို လိုအပ်တယ် ဆိုပြီးတော့ ၂၀၂၂ မှာ သမ္မတ ယွန်းဆွတ်ခ်ယိုး လက်ထက်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။
Source: Reuters