
တောင်ကိုရီးယားနိုင်ငံ အနှံ့အပြားမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းကြရပြီး ဇူလိုင် ၁၆ ရက်က ဂျောင်းဂီပြည်နယ်၊ အိုဆန်မြို့မှာ လမ်းဘေးနံရံ ပြိုကျမှုကြောင့် ယာဉ်မောင်းတယောက် သေဆုံးခဲ့တယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
အမြင့် ၁၀ မီတာ (၃၃ ပေ) လောက်ရှိတဲ့ နံရံတခု ပြိုကျခဲ့ရာမှာ ကားတစီး ပိတ်မိသွားပြီး နောက်ထပ် ကားတစီးက တစိတ်တပိုင်း နစ်မြုပ်သွားခဲ့တယ်လို့ ဂျောင်းဂီဒို မီးသတ်အေဂျင်စီက ထုတ်ပြန်ထားပြီး ကားအတွင်း ပိတ်မိနေတဲ့ ယာဉ်မောင်းဟာ သေဆုံးနေတာကို တွေ့ရှိခဲ့ရကြောင်း မီးသတ်ဌာနက သိရပါတယ်။
တချိန်တည်းမှာပဲ ချောင်းချုံးပြည်နယ်ရှိ နေရာအများအပြားမှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ကျေးရွာတရွာမှာ တာတမံတခုနဲ့ ကမ်းထိန်းနံရံတခု ပြိုကျခဲ့ပါတယ်။
ဇူလိုင် ၁၇ ရက် မနက် ၁၀ နာရီ ၂၃ မိနစ်အထိ ချောင်းချုံးပြည်နယ်တောင်ပိုင်း ဆောဆန်မြို့မှာ မိုးရေချိန် ၄၃၈ ဒသမ ၅ မီလီမီတာလောက် ရွာသွန်းခဲ့ပြီး အဲဒီပမာဏဟာ ၁၉၆၈ ခုနှစ်မှာ လေ့လာမှု စတင်ခဲ့ပြီးနောက်ပိုင်း ဒေသတွင်းမှာ နေ့စဉ်မိုးရွာသွန်းမှုရဲ့ အမြင့်ဆုံးစံချိန်ဖြစ်ကြောင်း ယွန်ဟက်ပ် သတင်းဌာနက ဖော်ပြပါတယ်။
Source: Reuters