
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းကို ပက်ထရီးယော့ဒုံးကျည်တွေ ပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ တကယ်တမ်းမှာ ဥရောပတနိုင်ငံချင်းစီက သူတို့လက်ထဲမှာ ရှိပြီးသား ဒုံးကျည်တွေကို လှူဒါန်းရမှာဖြစ်ပြီး အမေရိကန်ဆီကနေ အစားထိုးဒုံးကျည် ပြန်ဝယ်ရမှာလို့ သိရပါတယ်။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ် အကြီးအကျယ်ခံနေရတဲ့ ယူကရိန်းကို ကာကွယ်ဖို့အတွက် ဘယ်နိုင်ငံက သူတို့လက်ထဲမှာရှိတဲ့ အင်မတန်တန်ဖိုးကြီးတဲ့ ဒုံးကျည်တွေကို ဘယ်နှစုံလှူမှာလဲ ဆိုတဲ့ အချက်က အခုထိ မရေရာသေးဘဲ ညှိနှိုင်းဆဲဖြစ်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ထရမ့်ပ်က နာမည်ကောင်းဝင်ယူတာကို မကျေနပ်ကြောင်းလည်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာယာ ကားလက်စ် ကိုယ်တိုင် အတိအလင်း ပြောထားပါတယ်။
ကားလက်စ်က “ဒီလက်နက်တွေ ကျမတို့ ပေးရရင်၊ ကျမတို့ကူညီတာပဲ ဖြစ်မှာပေါ့။ အဲဒါဆိုရင် ဥရောပအကူအညီ ဖြစ်သွားပြီလေ။ ကျမတို့ကတော့ ယူကရိန်းကို ကူညီနိုင်သလောက် ကူညီမှာပေါ့။ ရှင်က လက်နက်ပေးမယ်လို့ ကတိပေးတယ်၊ ဒါပေမဲ့ တခြားသူက အဲဒီအတွက် ပိုက်ဆံပေးရမယ်ဆိုရင်၊ တကယ်တမ်း ရှင်ပေးတာ ဘယ်ဟုတ်တော့မလဲ။ ဟုတ်တယ်မလား” လို့ ပြောကြားခဲ့ပါတယ်။
ဒုံးခွင်းစနစ်ရော ကြားဖြတ်ဟန့်တားတဲ့ ဒုံးကျည်တွေပါ ပါဝင်တဲ့ ပက်ထရီးယော့စနစ် တစုံကို ဒေါ်လာ တစ်ဘီလီယံကျော် တန်ကြေးရှိပါတယ်။
စနစ်က ဒေါ်လာ သန်း ၄၀၀ လောက်တန်ပြီးတော့ ပြန်ဝယ်ဖြည့်ရတဲ့ ဒုံးကျည်တွေက တစုံစာကို ဒေါ်လာ သန်း ၆၉၀ လောက် တန်ပါတယ်။ ဒုံးကျည်တစင်းချင်းစီဟာ ဒေါ်လာ ၄ သန်းလောက် တန်ကြေးရှိပါတယ်။
ရက်ပိုင်းအတွင်း ယူကရိန်းကို ပက်ထရီးယော့ ဒုံးကျည်ကာကွယ်ရေးစနစ်တချို့ ရောက်ရှိမှာဖြစ်တယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။
အဲဒီလို ကြေညာထားပေမဲ့ ဘယ်နိုင်ငံက ဘယ်နှစုံလှူမှာလဲဆိုတာ ညှိနှိုင်းနေကြဆဲဖြစ်တယ်လို့ အမေရိကန်နဲ့ ဥရောပ တာဝန်ရှိသူ ၁၀ ယောက်ကို ရိုက်တာက မေးမြန်းဖော်ပြပါတယ်။
ဖင်လန်၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ နယ်သာလန်နဲ့ ကနေဒါ နိုင်ငံတွေက ဒီလက်နက်ဝယ်မယ့် အစီအစဉ်မှာ ပါဝင်ဖို့ ဆန္ဒရှိတယ်လို့ ဘဲဥပုံရုံးခန်းမှာ ထရမ့်ပ်နဲ့ တွေ့ဆုံစဉ်မှာ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေက ပြောပါတယ်။
အဲဒီနိုင်ငံတွေထဲက နိုင်ငံ ၂ နိုင်ငံရဲ့ သံရုံးတွေက ရာထူးကြီးပုဂ္ဂိုလ်တွေကို ရိုက်တာက မေးမြန်းခဲ့ရာမှာတော့ ဒီအစီအစဉ်ကို ကြေညာမှသာ သိရှိရတာဖြစ်တယ်လို့ဆိုပါတယ်။
တခြား ဥရောပနိုင်ငံတခုက သံအမတ်ကြီးတယောက်ကလည်း အသေးစိတ်ကို ဘယ်သူမှ သိမထားကြောင်းနဲ့ အခုမှသာ ဒီအစီအစဉ် ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာ သူ့နိုင်ငံအစိုးရအတွင်း ညှိနှိုင်းနေကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဂရိနဲ့ စပိန် အပါအဝင် နိုင်ငံတချို့က သူတို့ဆီမှာ တပ်ဆင်ထားပြီး ဒုံးကျည်တွေဟာ သူတို့နိုင်ငံကို ကာကွယ်ဖို့အပြင် NATO တဖွဲ့လုံးအတွက်ပါ အရန်အတားတွေ ဖြစ်တဲ့အတွက် ယူကရိန်းကိုပေးဖို့ ဆန္ဒမရှိ ဖြစ်နေတယ်လို့ သတင်းရင်းမြစ်တချို့က ရိုက်တာကို ပြောပါတယ်။
Source: Reuters