Home
နိုင်ငံတကာ
ပူတင်ကို “စိတ်ပျက်သော်လည်း စိတ်မကုန်သေး” ဟု ထရမ့်ပ် ပြော၊ စစ်ပွဲမရပ်လျှင် အရေးယူမည်
DVB
·
July 15, 2025
Photo: Reuters

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို စိတ်ပျက်ပေမဲ့ စိတ်မကုန်သေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဘီဘီစီသတင်းဌာနနဲ့ သီးသန့်ဖုန်းခေါ်ဆိုမှုမှာ ဖြေကြားခဲ့ပါတယ်။

ပူတင်ကို ယုံသလား ဆိုတဲ့ မေးခွန်းအပေါ်မှာတော့ ထရမ့်ပ်က “ကျုပ်က ဘယ်သူ့မှကို မယုံသလောက်ပဲ” လို့ ဖြေကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ မရပ်ဘူးဆိုရင် ရုရှားပို့ကုန်တွေကို ဝယ်ယူတဲ့ ကုန်သွယ်ဘက်နိုင်ငံတွေကိုပါ အရေးယူမှုတွေ လုပ်မှာဖြစ်ပြီး ယူကရိန်းအတွက်လည်း လက်နက်အသစ်တွေ ပေးမယ်လို့ ထရမ့်ပ်က ကြေညာခဲ့အပြီး နာရီပိုင်းအကြာမှာ ခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

“တဆင့်ခံ စည်းကြပ်ခွန်တွေပါ ကောက်မှာ။ ရက် ၅၀ အတွင်း သဘောတူညီမှုမရရင်၊ ရိုးရိုးလေးပဲ။ ၁၀၀ ရာခိုင်နှုန်းဖြစ်မှာ” လို့ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

၁၀၀ ရာခိုင်နှုန်း ဆိုတာဟာ ရုရှားကုန်စည်တွေအပေါ်သာမကဘဲ ရုရှားပို့ကုန်တွေကို ဝယ်ယူတဲ့ တခြားနိုင်ငံတွေအပေါ်ပါ ကောက်ခံမယ့် ရာခိုင်နှုန်းကို ရည်ညွှန်းတာဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတယောက်က ဖြေရှင်းပါတယ်။

တဆင့်ခံစည်းကြပ်ခွန် (secondary tariff) ဆိုတာဟာ ပစ်မှတ်ထားတဲ့နိုင်ငံနဲ့ ကုန်သွယ်တဲ့ နိုင်ငံကိုပါ စည်းကြပ်တဲ့အခွန်ကို ဆိုလိုတာ ဖြစ်ပါတယ်။

အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေနဲ့ တွေ့ဆုံချိန်မှာ ထရမ့်ပ်က “ကျုပ်တို့ အဆင့်အမြင့်ဆုံးလက်နက်တွေ ထုတ်သွားမယ်၊ ပြီးရင် NATO အဖွဲ့ကို ပို့သွားမယ်” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီလက်နက်တွေအတွက် NATO မဟာမိတ်တွေက ပေးချေရမှာဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

ဒီလက်နက်တွေထဲမှာ ယူကရိန်းက အရေးတကြီးလိုအပ်နေတဲ့ ပက်ထရီးယော့ လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

တခြားနိုင်ငံတွေက မှာထားတဲ့ ပက်ထရီးယော့ ဒုံးလွှတ်စင် ၁၇ စုံထဲက တချို့ ဒါမှမဟုတ် အားလုံးကို ယူကရိန်းဆီကို မြန်မြန်ဆန်ဆန် ပို့ပေးလို့ ရတယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

ရုရှားကိုကူညီတဲ့ နိုင်ငံတွေကို စည်းကြပ်ခွန် ၅၀၀ ရာခိုင်နှုန်းအထိ ကောက်ခံနိုင်မယ့် လုပ်ပိုင်ခွင့် အာဏာတရပ် ထရမ့်ပ်ကို ပေးအပ်မယ့် ဥပဒေကြမ်းတရပ်ကိုလည်း အမေရိကန် အထက်လွှတ်တော်အမတ် ၁၀၀ မှာ ၈၅ ယောက် ထောက်ခံမှုနဲ့ အဆိုပြုဖို့ စီစဉ်နေပါတယ်။ ထရမ့်ပ်ဆီက မီးစိမ်းပြမှာကိုပဲ စောင့်နေတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013