
မြန်မာစစ်တပ်ရဲ့ ဘေးအန္တရာယ်ကနေ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ခြိမ်းခြောက်တာ၊ ငွေညှစ်တာ၊ ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)က ထုတ်ပြန်လိုက်ပါတယ်။
ထိုင်း-မြန်မာနိုင်ငံသားများအပေါ် အာဏာပိုင်တွေက မတရားဖိနှိပ်ခြင်း၊ အမြတ်ထုတ်ခြင်း ခေါင်းစဉ်နဲ့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)က ဇူလိုင် ၁၄ ရက် နေ့စွဲနဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်တာပါ။
၂၀၂၁ စစ်အာဏာသိမ်းကတည်းက မြန်မာကနေ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးရေး မူဝါဒတရပ်ကို အကောင်အထည်ဖော်ဖို့လည်း HRW က ထိုင်းနိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။
တရားဝင်အထောက်အထား၊ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်၊ ပညာသင်ယူခွင့်နဲ့ အလုပ်လုပ်ပိုင်ခွင့်တွေကို ခွင့်ပြုပေးတဲ့ ယာယီအကာအကွယ်ပေးရေး မူဝါဒကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံမှာ အလုပ်သမားမှတ်ပုံတင်ကတ် ထုတ်ပေးဖို့အတွက် စစ်ကောင်စီနဲ့ပေါင်းပြီး စိစစ်တဲ့လုပ်ငန်းကိုလည်း ရပ်တန့်ဖို့ တိုက်တွန်းထားပါတယ်။
ဒုက္ခသည်တွေ နေရာချထားရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ နိုင်ငံတွေအနေနဲ့လည်း ယာယီအကာအကွယ်ပေးရေး မူဝါဒတခုကို ထိုင်းက သဘောတူလက်ခံလာအောင် ကူညီပေးဖို့၊ ဒုက္ခသည် နေရာချထားရေးလုပ်ရာမှာ ထိုင်းက မြန်မာဒုက္ခသည်တွေကို နေရာပိုပေးဖို့ စတာတွေလည်း အစီရင်ခံစာမှာ ထည့်သွင်း တိုက်တွန်းထားပါတယ်။