Home
မြန်မာသတင်း
ကလေးစစ်သား စုဆောင်းမှုရပ်တန့်ရန် HRW တောင်းဆို
DVB
·
June 23, 2025

အာဏာသိမ်း စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို စတင်ကျင့်သုံးပြီးနောက်မှာ မြန်မာစစ်တပ်ရဲ့ကလေးစစ်သား စုဆောင်းမှုနဲ့ အသုံးပြုမှု သိသိသာသာ မြင့်တက်လာခဲ့တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဇွန် ၂၀ ရက်မှာ ပြောလိုက်ပါတယ်။

HRW အဖွဲ့ရဲ့ အာရှဒေသ သုတေသီ ရှေနာ ဘာချ်နာက “မြန်မာစစ်တပ်ဟာ ကလေးတွေကို ပေါ်တာဆွဲတာ၊ လမ်းပြနဲ့ တိုက်ခိုက်ရေး အခန်းကဏ္ဍတွေမှာ အသုံးပြုခဲ့တာမျိုးတွေမှာ ရှည်လျားပြီး ထိတ်လန့်စရာကောင်းတဲ့ သမိုင်းကြောင်းရှိပါတယ်။ စစ်အုပ်စုက ကလေးစစ်သားအသုံးပြုတာကို ချက်ချင်းရပ်ပြီး ကလေးစစ်သားစုဆောင်းမှုအားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တယ်” လို့ ပြော ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးစစ်သားစုဆောင်းမှုအပါအဝင် ကလေးသူငယ်တွေအပေါ် ဆိုးရွားစွာ ချိုးဖောက်မှုပေါင်း ၂၁၃၈ မှုကို ကုလသမဂ္ဂက စစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်းနဲ့ နောက်ထပ် အအတည်ပြုဖို့ လိုအပ်နေသေးတဲ့ အလားတူ ဥပဒေချိုးဖောက်မှုပေါင်း ၁၂၀၀ ကျော် ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက အသက် ၁၂ နှစ်အောက်အထိ ပါဝင်တဲ့ ကလေးစစ်သား စုဆောင်းမှု အမှုပေါင်း ၁၈၀၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး စစ်အုပ်စုဟာ အဲဒီလို စု ဆောင်းရာမှာ ပြန်ပေးဆွဲတာမျိုးတွေ လုပ်ဆောင်ပြီး သူတို့ကို ရှေ့တန်းစေလွှတ်ကာ လမ်းပြလို ကုန်ထမ်းသမားလို တခါတရံမှာ လူသားဒိုင်းအဖြစ် အသုံးချနေတယ်လို့လည်း HRW အဖွဲ့က ပြောပါတယ်။

တပ်အင်အားချည့်နဲ့လာပြီး လုံခြုံရေးပိုင်းဆိုင်ရာ အင်အားလျော့နည်းလာတဲ့ အာဏာ သိမ်းစစ်တပ်က အဲဒီနေရာတွေမှာ ပြန်လည်အစားထိုးဖို့ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမယ့် ဥပဒေတခုကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်က စတင် အသက်ဝင် ကျင့်သုံးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကြေညာခဲ့တာဖြစ်ပြီး အဲ့ဒီဥပဒေနဲ့ အကျုံးဝင်တဲ့ လူငယ် လူရွယ်တွေဟာ ပြည်ပထွက်ခွာတာနဲ့ တော်လှန်ရေးတပ်တွေထဲကို  ဆက်တိုက်ဝင်ရောက်တာတွေ ရှိလာနေပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေအပေါ် ဆိုးရွားတဲ့ ချိုးဖောက်မှု ၅ ခုဖြစ်တဲ့ စစ်သားအဖြစ် အသုံးပြု စုဆောင်းတာ၊ သတ်ဖြတ်တာတွေနဲ့ ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးစေတာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ စာသင်ကျောင်းတွေ ဆေးရုံတွေကို တိုက်ခိုက်တာ စတာတွေကို လုပ်ဆောင်နေတာကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ List of Shame စာရင်းထဲမှာ ထည့်သွင်းခံထားရတယ်လို့လည်း ဆိုပါတယ်။

ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗာဂျီးနီးယား ဂမ်ဘာကတော့ မြန်မာနိုင်ငံက ကလေးသူငယ်တွေ ခံစားနေရတဲ့ အကြမ်းဖက်မှုအဆင့်နဲ့ ပဋိပက္ခမှာ ပါဝင်သူအားလုံး အထူးသဖြင့် မြန်မာစစ်တပ်က ကျူးလွန်တဲ့ ပြင်းထန်တဲ့ ချိုးဖောက်မှုတွေ တိုးလာတဲ့အတွက် တုန်လှုပ်မိတယ်လို့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ပြောထားပါတယ်။

မြန်မာစစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလက စတင်ကာ စစ်မှုထမ်း ၁၄ သုတ် စုဆောင်းခဲ့ပြီး တသုတ်မှာ လူဦးရေ ၅၀၀၀ နှုန်းနဲ့ စုစုပေါင်း ခန့်မှန်းခြေလူဦးရေ ၇၀,၀၀၀ လောက်အထိ စုဆောင်းခဲ့ပြီးဖြစ်တယ်လို့ HRW အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တပ်မတော်က ထွက်ပြေးလာတဲ့ CDM တပ်မတော်သားတွေ ဦးစီးတဲ့ သုတေသနအဖွဲ့ မြန်မာကာကွယ်ရေးနှင့် လုံခြုံရေးအင်စတီကျုရဲ့ အဆိုအရ စစ်မှုထမ်း သတ္တမအသုတ်ကနေ စတင်ကာ အသက်မပြည့်သေးသူ စုဆောင်းမှုတွေ တိုးမြင့်လာသလို လူငယ်နဲ့ ယောက်ျားလေးတွေကို ပြန်ပေးဆွဲခေါ်ဆောင်သွားတာ၊ ပျောက်ဆုံးနေတဲ့ စစ်မှုထမ်းတွေရဲ့ မိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးတာတွေ စတဲ့ ရိုင်းစိုင်းတဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ နည်းဗျူဟာတွေ တိုးလာနေတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ကလေးစစ်သား စုဆောင်းမှုနဲ့ အသုံးပြုမှုတွေ အဆုံးသတ်ရေးအတွက် ကုလသမဂ္ဂနဲ့ ပူးတွဲလုပ်ဆောင်မယ့် အစီအစဉ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှာတော့ စစ်အုပ်စု ကာကွယ်ရေးဝန်ကြီးက အဆိုပါ အစီအစဉ်ကို လက်မှတ်ရေးထိုးပြီးချိန်ကတည်းက ကလေးစစ်သား ၁,၀၅၇ ဦးကို စစ်တပ်ဘက်က ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောထားခဲ့ပြီး မတ် ၁၉ ရက်က ကုလသမဂ္ဂထုတ်ပြန်ချက်မှာတော့ ကလေးစစ်သား ၉၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂရဲ့ ကလေးစစ်သား စုဆောင်းအသုံးပြုမှုစာရင်းထဲမှာတော့ မြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်း ၇ ခုကိုလည်း ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013