Home
မြန်မာသတင်း
ဝေါလေဗျူဟာမကျစေရန် စစ်တပ်က အသေခံဒရုန်းများသုံးပြီး ခုခံနေ
DVB
·
July 15, 2025

ထိုင်း-မြန်မာနယ်စပ်အနီး ဝေါလေဗျူဟာကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက ကာမီကာဇေ အသေခံဒရုန်းတွေ အသုံးပြုပြီး ပြန်လည်တိုက်ခိုက်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီရဲ့ ဥကရစ်ထစခန်းကို KNU ဦးဆောင်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေက ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းလောက်က အပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်။

ဆက်လက်ပြီး ဝေါလေဗျူဟာကို ဝိုင်းဝန်းပိတ်ဆို့ထားရာက ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူပေးနေပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီက ကာမီကာဇေ အသေခံဒရုန်းတွေနဲ့ပါ အသုံးပြုပြီး ပြန်လည် တိုက်ခိုက်နေတာတွေ ရှိပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်တယောက်က “ညက မြေပါတုန်သွားတာပဲ။ လေယာဉ်ပဲပစ်သလား၊ သူတို့ဆီက ဒရုန်းနဲ့ တိုက်သလား မပြောတတ်ဘူး။ ဒါပေမဲ့ ကြာတော့ မကြာပါဘူး။ နောက်ထပ် ၇ ရက်လောက်ဆိုရင် ပြတ်မယ်လို့ ထင်ပါတယ်။ ပြတ်ဖို့များတယ်လေ။ အရင်တုန်းက ဗျူဟာကုန်းကနေ ၁၂၀၊ ၈၁ တွေ လှမ်းပြီး ပစ်ပစ်ပေးနေတာ။ အခု ဗျူဟာကုန်းက ၈၁ နဲ့ ၁၂၀ ဟာတွေက အကုန်လုံးပြတ်သွားပြီ။ သူတို့(စစ်ကောင်စီ) လက်နက်ကြီးနဲ့လည်း စစ်ကူမလိုက်နိုင်တော့ဘူး။  ၇ ရက်မကြာဘူးလို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နဲ့ ၄ ရက်နေ့တွေက စစ်ကောင်စီက ဝေါလေမြိုင်ကျေးရွာအတွင်းကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ ‌ဒေသခံတယောက် သေဆုံးခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ဝေါ်လေကျေးရွာနဲ့ ဥကရစ်ထကျေးရွာက ဒေသခံပြည်သူ ၃,၀၀၀ ကျော်ဟာ သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံတွင်းနဲ့ နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဒေသခံတွေအနေနဲ့ လက်နက်ကြီးနဲ့ လေယာဉ်လာမှာကို ပိုကြောက်တယ်လို့ နယ်စပ်အရေး ကူညီပေးနေသူတယောက်က ပြောပါတယ်။

“အဓိကကတော့ ဒေသခံတွေအနေနဲ့က လက်နက်ကြီးတွေ လာထိမှာတို့ နောက်ပြီးတော့ ဗမာဘက်ကလည်း လေယာဉ်တွေလာမှာတို့ သူတို့ ပိုကြောက်ရတယ်။ လူဆိုတာကတော့ အသွေးနဲ့ အသားနဲ့ နောက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကတော့ အချိန်ယူပြီးတော့မှ ပြန်ကုစားရတဲ့ ဟာမျိုးပေါ့။ ကျမအနေနဲ့ တွေ့နေရတာ နေရာတိုင်းမှာတော့ ပြည်သူကို ပိုပြီးတော့မှ ဦးတည်ပြီး ထိခိုက်နစ်နာအောင် လုပ်လာသလို မြင်တွေ့နေရတာတွေလည်း တချို့နေရာမှာ ရှိနေတယ်လေ။ ပြည်သူကို မလုပ်ဘူး ဆိုတာကြီးကတော့ ဘယ်သူမှ အာမခံပြောနိုင်မှာ မဟုတ်ဘူးလို့ ကျမ ထင်တယ်။”

မြဝတီမြို့တောင်ဘက် တပ်မဟာ ၆ နယ်မြေအတွင်း ဇွန် ၂၂ ရက်က ထီးကပလယ်စခန်း၊ မေ ၂၃ ရက် ညနေ ၅ နာရီက ဘလယ်ဒိုစခန်း၊ မေ ၂၈ ရက် ညပိုင်းက ကနဲလေးစခန်း၊ မေ ၂၉ ရက် ညနေ ၆ နာရီလောက်က ဘုရင့်နောင်ကုန်းစခန်း၊ ဇွန် ၃ ရက် ည ၇ နာရီလောက်မှာ သေ့ဘောဘိုးစခန်းနဲ့ ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းလောက်က ဥကရစ်ထစခန်းကို KNU ဦးဆောင်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း   ဝေါလေဗျူဟာနဲ့ တီသဲလယ် ကာကင်းစခန်း ၂ ခုသာ ကျန်ရှိပါတော့တယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013