Home
မြန်မာသတင်း
ဥကရစ်ထစခန်းနှင့် ဝေါလေဗျူဟာကို KNU ပူးပေါင်းတပ်များတိုက်ခိုက်၊ တိုက်ပွဲပြင်းထန်နေ
DVB
·
July 8, 2025

အောင်ခန့်

ထိုင်း-မြန်မာနယ်စပ်အနီးက ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းနဲ့ ဝေါလေဗျူဟာကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်ပြီး တော်လှန်ရေးတပ်ပေါင်းစုတွေက တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

မြဝတီမြို့တောင်ဘက် စစ်ကောင်စီရဲ့ ထီးကပလယ်စခန်းကို KNU ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက ဇွန် ၂၂ ရက် ညနေပိုင်းလောက်က အပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်။

ဇူလိုင် ၃ ရက်ကစတင်ပြီး ဥကရစ်ထ စခန်းနဲ့ ဝေါလေဗျူဟာကို  ဝိုင်းဝန်းပိတ်ဆို့ ထားရာက ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူပေးနေပြီး လက်ရှိမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ရှေ့တန်းသတင်းရင်းမြစ်က “အလုံးကြီးတွေ လှမ်းထုတာက ထီးကပလယ်ပြီးပြီး ၂ ရက်လောက်နေတော့ အဲဒီသွားကပ်တာ။ ၁၅ ရက်လောက်တော့ရှိပြီ သူထု ကိုယ်ထု။ ကိုယ်ဘက်က ဗုံးကြဲ သူဘက်က လှမ်းထုပေါ့။  ဒီမနက်တော့ တော်တော် ဆိုးဆိုးကို ကြမ်းတယ်။  တောက်လျှောက် သူတို့ဘက်က ထုတယ်။ သူလုံးကိုယ်လုံးပဲ” လို့ ပြောပါတယ်။

ဇူလိုင် ၃ ရက်နဲ့ ၄ ရက်တွေက စစ်ကောင်စီတပ်က ဝေါလေမြိုင်ကျေးရွာအတွင်းကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် ထိခိုက်ဒဏ်ရရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ ‌ဒေသခံ တယောက် သေဆုံးခဲ့ပါတယ်။

တိုက်ပွဲကြောင့်  ဝေါ်လေကျေးရွာနဲ့ ဥကရစ်ထကျေးရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံတွင်းနဲ့ နီးစပ်ရာကို  ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကရင်အမျိုးသမီးအစည်းအရုံး (KWO) အတွင်းရေးမှူး ၂ နော်အဲ့တဖွီဖောက “သူတို့အခုကတော့ စိုးရိမ်ရတဲ့အခြေအနေကတော့ နေ့တိုင်းရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အောက်က လက်နက်ကြီးတွေမပစ်ဘဲနဲ့ အပေါ်က လေယာဉ်တွေ လာကြဲတာကို သတိနဲ့နေတာပဲဖြစ်ဖြစ်  အပေါ်က ချက်ချင်းလာလို့ရှိရင်လည်း သူတို့ တခါတလေပြေးတာလည်း မလွတ်ဘူးလေ။ အဲဒါကြောင့် သူတို့ စိုးရိမ်နေရတယ်။ စိတ်ပိုင်းဆိုင်ရာက သူတို့ စိုးရိမ်ရတဲ့ ကြောက်လန့်နေရတဲ့ အခြေအနေပေါ့” လို့ ပြောပါတယ်။

ဇွန် ၂၂ ရက်က ထီးကပလယ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းစွန့်ခွာပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်။  တိုက်ပွဲအတွင်း လက်နက်ခဲယမ်းအများအပြားနဲ့အတူ ဆက်စပ်ပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။ 

KNU ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက မေ ၂၃ ရက် ညနေ ၅ နာရီက  စစ်ကောင်စီရဲ့ ဘလယ်ဒိုတပ်စခန်း၊ မေ ၂၈ ရက် ညပိုင်းက ကနဲလေးစခန်း၊ မေ ၂၉ ရက် ညနေ ၆ နာရီ လောက်က ဝေါ်လေဗျူဟာနဲ့ အနီးဆုံးမှာရှိတဲ့  ဘုရင့်နောင်ကုန်းစခန်း၊ ဇွန် ၃ ရက် ည ၇ နာရီလောက်မှာ သေ့ဘောဘိုးစခန်းတို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 

အောင်ခန့် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013