
ရုရှားတပ်တွေဟာ ယူကရိန်းစစ်တပ်ရဲ့ စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခဲ့ပြီး ယူကရိန်းနိုင်ငံ၊ ပေါ့ခ်ရော့ဗ်စ်ခ်မြို့ဆီ ဦးတည်ရင်း အာရုံစိုက် တိုက်ခိုက်နေတယ်လို့ ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးက ဇူလိုင် ၁၃ ရက်မှာ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ နေ့စဉ်ရှင်းလင်းတင်ပြချက်အရ ရုရှားတပ်တွေဟာ ယူကရိန်း ကာကွယ်ရေးပစ္စည်းစက်ရုံ အဆောက်အအုံတွေ၊ ဒရုန်းအော်ပရေတာ လေ့ကျင့်ရေးစင်တာတွေနဲ့ ယာယီတပ်ဖြန့်တဲ့ နေရာတွေကို ပစ်မှတ်ထားရင်း ဒန်ညက်စ်ဒေသထဲက ရွာ ၂ ရွာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ပက်ထရီရော့ ဒုံးပစ်လောင်ချာ ၂ စင်းနဲ့ ရေဒါစခန်းတခုတို့ကို ဖယ်ရှားရှင်းလင်းခဲ့တယ်လို့လည်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက အထူးသတင်းထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်းက ပစ်လွှတ်ကြဲချလိုက်တဲ့ ဝေဟင်က ဗုံး ၉ လုံးနဲ့ ဒရုန်း ၂၁၅ စင်းကိုလည်း ရုရှားက ကြားဖြတ် ဟန့်တားခဲ့ပါတယ်။
တချိန်တည်းမှာ ရှေ့တန်းတလျှောက် တိုက်ပွဲပေါင်း ၉၇ ကြိမ် အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း စစ်ဦးစီးချုပ်က တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ အသိအမှတ်ပြုခဲ့ပါတယ်။
ပေါ့ခ်ရော့ဗ်စ်ခ်မြို့ကို ဦးတည်တဲ့ လမ်းကြောဟာ အတက်ကြွဆုံး ပဋိပက္ခဇုန်အဖြစ် တည်ရှိနေခဲ့ပြီး ယူကရိန်းတပ်ဖွဲ့တွေက ရုရှားရဲ့ တိုက်ခိုက်မှုအများအပြားကို ချေမှုန်းခဲ့တယ်လို့ ယူကရိန်းစစ်တပ်က အခိုင်အမာ ပြောခဲ့ပါတယ်။
Source: Reuters