Home
နိုင်ငံတကာ
ရုရှားနှင့် ယူကရိန်းတို့ စစ်ဘက်ဆိုင်ရာ စက်မှုဇုန်များကို အပြန်အလှန်တိုက်ခိုက်
DVB
·
July 13, 2025
Photo: Reuters

ရုရှားနဲ့ ယူကရိန်းတို့ဟာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံတွေ၊ စစ်ဘက်ဆိုင်ရာ စက်မှုဇုံတွေနဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အပြန်အလှန် တိုက်ခိုက်ခဲ့တယ်လို့ နှစ်နိုင်ငံက သတင်းစာရှင်းလင်းပွဲတွေမှာ သီးခြားစီ ပြောလိုက်ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရုရှားတပ်ဖွဲ့ဝင်တွေဟာ အတိအကျ ပစ်ခတ်နိုင်တဲ့ ခင်ဇယ်ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ၆ ကြိမ်တိုင်တိုင် အစုလိုက်အပြုံလိုက် တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီကာလမှာပဲ တောင်ပံပုံသေ ယူကရိန်းဒရုန်းယာဉ် ၂၀၀၀ နီးပါးကို ပစ်ချခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ 

ရုရှားတပ်ဖွဲ့တွေဟာ စူမွေ၊ ခါခိဗ်၊ ဒနစ်ပရိုပေထရော့ဗ်စ်ခ်နဲ့ ဒန်ညက်စ် ဒေသတွေဆီ ဦးတည်တဲ့ လမ်းကြောင်းတွေပေါ်က ရွာ ၇ ရွာကို သိမ်းခဲ့တယ်လို့လည်း ဝန်ကြီးဌာနကပြောပါတယ်။

ယူကရိန်းစစ်တပ်ရဲ့ စစ်ဦးစီးချုပ်က MiG စီးရီးဂျက်တိုက်လေယာဉ်တွေ ထုတ်လုပ်တဲ့ ရုရှားနိုင်ငံက လူခိုဗစ်စီ လေယာဉ်ထုတ်စက်ရုံကို အတိအကျတိုက်ခိုက်ခဲ့တယ်လို့ သောကြာနေ့ညမှာ အတည်ပြုခဲ့ပါတယ်။ 

ရုရှားစစ်တပ်အတွက် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေထုတ်တဲ့ ရှစ်ပွန်နော့ဗ် ကိရိယာပုံထုတ် ဗျူရိုကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။ 

ယူကရိန်းအတွက် ရပ်ဆိုင်းထားတဲ့ အမေရိကန်ရဲ့ ကာကွယ်ရေးအကူအညီတွေ ပြန်ရပြီလို့ ယူကရိန်းနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီရိုအီ တီခီက သောကြာနေ့မှာ ပြောပါတယ်။ 

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ စီဘီဟာက သောကြာနေ့နှောင်းပိုင်းမှာ အမေရိကန် ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးဖို့စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းအစိုးရကို ကာကွယ်ရေးပစ္စည်းတချို့ အပါအဝင် နောက်ထပ် လက်နက်တချို့ ထောက်ပံ့ပေးမယ်လို့ တနင်္လာနေ့မှာ ပြောခဲ့တဲ့အကြောင်း မီဒီယာတွေက ဖော်ပြအစီရင်ခံထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013