
ရုရှားဟာ ယူကရိန်းနိုင်ငံ အနောက်ပိုင်းကို ပစ်မှတ်ထားပြီး ဇူလိုင် ၁၂ ရက် ညပိုင်းက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ သဲသဲမဲမဲ တိုက်ခိုက်ခဲ့တာကြောင့် ရိုမေးနီးယားနယ်စပ်ရှိ ချာနစ်ဗ်စီမြို့မှာ အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ အနောက်ပိုင်းမြို့တွေဖြစ်တဲ့ လဗိဗ်၊ လွတ်စ်ခ် နဲ့ ချာနစ်ဗ်စီ မြို့တွေဟာ ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် အများဆုံးခံစားခဲ့ရပြီး တခြားယူကရိန်းဒေသတွေလည်း ထိခိုက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီယိ ဆီဘိဟာ က ပြောကြားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံနဲ့ ရိုမေးနီးယားနယ်စပ်မှ ကီလိုမီတာ ၄၀ (၂၄ မိုင်) အကွာရှိ ချာနစ်ဗ်စီမြို့ကို ရုရှားဒရုန်းတွေနဲ့ ဒုံးကျည်တစင်း ပစ်ခတ်မှုကြောင့် လူ ၂ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ချာနစ်ဗ်စီ ဒေသအုပ်ချုပ်ရေးမှူး ရာစ်လန်းဇာပရာနီအွတ်ခ်က ပြောပါတယ်။
ဇူလိုင် ၁၂ ရက်က ယူကရိန်းနိုင်ငံတော် အရေးပေါ်ဌာနက ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ ပျက်စီးသွားတဲ့ အဆောက်အအုံတွေနဲ့ တငွေ့ငွေ့လောင်နေတဲ့ အပျက်အစီးတွေကို ရှင်းလင်းနေတဲ့ မီးသတ်သမားတွေကို မြင်တွေ့ရပါတယ်။
ယူကရိန်းနဲ့ ပိုလန်နယ်စပ်ရှိ လဗိဗ်မြို့မှာ လူနေအိမ် ၄၆ လုံး၊ တက္ကသိုလ်အဆောက်အအုံ၊ မြို့တော်တရားရုံးတွေနဲ့ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ အိမ်ရာ အဆောက်အအုံ ၂၀ လောက် ပျက်စီးခဲ့ကြောင်း မြို့တော်ဝန် အန်ဒရီယိဆာဒို့ဗ်ယီက ပြောကြားခဲ့ပါတယ်။
ခါကိဗ်အရှေ့ပိုင်းမှာ ရုရှားဟာ တိုက်ခိုက်မှု ၁၀ ကြိမ်ပြုလုပ်ခဲ့ပြီး လုပ်ငန်းမလုပ်တော့တဲ့ ဂိုဒေါင် အများအပြားကို ထိမှန်ခဲ့ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။
Source: Reuters