Home
မြန်မာသတင်း
မြွေကိုက်ခံရသဖြင့်ဆေးလာကုသူကို စစ်ကောင်စီက PDF ဟု စွပ်စွဲဖမ်းဆီး
DVB
·
July 12, 2025
Photo: Ko Lin

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ကနေ မြွေကိုက်ခံရလို့ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ ဆေးလာကုတဲ့ အမျိုးသားကို စစ်ကောင်စီတပ်က PDF တပ်သားလို့ စွပ်စွဲဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသားဟာ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျွဲတက်ကွင်းကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုထွန်းကျော်စွာ (ခ) ထွန်းနိုင် (ခ) ထွန်းထွန်း ဖြစ်ပြီး မြွေကိုက်ခံရလို့ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှာ ဆေးကုသဖို့လာတုန်း ဇူလိုင် ၈ ရက် ညနေပိုင်းက ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

ဖြစ်စဉ်ကို သိသူတယောက်က “မြွေကိုက်ခံရလို့ ဆေးကုသဖို့လာရင်း ဆေးရုံမှာအဖမ်းခံရတာပါ။ သတင်းအရ စစ်ကောင်စီတပ်ကဖမ်းတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ကိုထွန်းကျော်စွာကို မုံရွာခရိုင် PDF တပ်ရင်း ၅ ကနေလာတာလို့ စွပ်စွဲဖမ်းဆီးထားပြီး နောက်ကြောင်းတွေနဲ့ PDF အကြောင်းတွေကို ဖိအားပေးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “စကစဘက်က PDF လို့ မုချသတ်မှတ်ပြီး စစ်မေးနေတာ။ PDF တွေရဲ့လမ်းကြောင်းနဲ့ လှုပ်ရှားမှုနယ်မြေဒေသတွေကို စစ်မေးနေတာ။ တပ်ရင်းမှူးနဲ့ စခန်းမှူးတွေက မေးတာလို့ သိရတယ်” လို့ ပြောပါတယ်။

ကိုထွန်းကျော်စွာကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ချမ်းအေးသာစံမြို့နယ်ထဲက ရဲစခန်းတခုမှာ ဖမ်းထားတယ်လို့သိရပြီး စစ်ကိုင်းတိုင်းဘက်ကနေ မန္တလေးတိုင်းဘက် ဆေးလာကုသသူတွေ၊ ဈေးဝယ်လာသူတွေ၊ အကြောင်းအမျိုးမျိုးနဲ့လာတဲ့သူမှန်သမျှကို အခု ဇူလိုင်လပထမအပတ်က စလို့ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024