Home
မြန်မာသတင်း
မြိုင်မြို့ စစ်တပ်စခန်းကို PDF သိမ်းဆည်း၊ သုံ့ပန်း ၁၂ ဦးနှင့် လက်နက်များ ရရှိ
DVB
·
July 11, 2025

မကွေးတိုင်း၊ မြိုင်မြို့အတွင်းမှာရှိတဲ့ စီမံကိန်းရုံး စစ်တပ်အထိုင်စခန်းကို ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်နေ့က ၂ ရက်တာ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ပြီး စခန်းသိမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီအထိုင်စခန်းဟာ မြိုင်မြို့အရှေ့ဖျား၊ မြိုင်မြို့နဲ့ ပခုက္ကူသွား ကားလမ်းမဘေးမှာ တည်ရှိတဲ့ စခန်းတခု ဖြစ်တယ်လို့လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းရဲ့ တာဝန်ရှိသူတယောက်က “ကျနော်တို့ အဲစခန်းကို ဇူလိုင် ၉ ရက်နေ့ မနက် ၄ နာရီ ၃၀ မိနစ်က စပြီး ဝင်တိုက်ခဲ့တာဗျ။ စခန်းကတော့ ၉ ရက်နေ့ကတည်းက စခန်းရခဲ့တယ်။ မြိုင်အတွင်းက စစ်ကူလာသေးတယ်။ အဲဒီစစ်ကူနဲ့လည်း ကျနော်တို့ ဖြတ်တောက်ရေးအဖွဲ့နဲ့ ၉ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်က တကြိမ်၊ နေ့လယ် ၁၂ နာရီမှာ တကြိမ်နဲ့ ညနေ ၃ နာရီ ၁၅ မိနစ်က တကြိမ် စုစုပေါင်း သုံးကြိမ်တိတိ စစ်ကူပေးဖို့ထွက်လာတဲ့ စကစတွေနဲ့ တိုက်ပွဲဖြစ်ကြသေးတယ်ဗျ။ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကူစစ်ကြောင်းက ရှေ့ကိုထပ်မတိုးဘဲ နောက်ကြောင်း ပြန်လှည့်သွားတယ်” လို့ ပြောပါတယ်။

အခုတိုက်ပွဲကို မြိုင်ညီညွတ်ရေးတပ်ပေါင်းစု (9+)၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ညီနောင်သုံးဖော် (YSO)၊ တပ်ပေါင်းစု (Good Brother)၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကျားတပ်ဖွဲ့ (ဒရုန်း)၊ ကင်ဒို (ဒရုန်း) ပေါက်၊ အညာမြေပြောက်ကျားတပ်ဖွဲ့ (ဒရုန်း)၊ Burma Revolution Ranger (BRR)၊ NFTA၊ Scorpion People Denfece Force တို့နဲ့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

တိုက်ပွဲဦးဆောင်သူတယောက်က “ကျနော်တို့ တိုက်ပွဲအတွင်းမှာ ရန်သူ့ဘက်က ထိခိုက်ကျဆုံးမှု များခဲ့တယ်ဗျ။ သုံ့ပန်းအရှင် ၁၂ ဦး ဖမ်းမိနိုင်ခဲ့တယ်။ အဲဒီ ၁၂ ဦးအထဲက တဦးမှာ ပြင်းထန်ဒဏ်ရာရရှိလို့ ကျနော်တို့ဘက်က ဆေးကုသပေးထားပါတယ်ဗျ။ ကျနော်တို့ဘက်ကလည်း ၂ ရက်တာ တိုက်ပွဲအတွင်း ရဲဘော်တဦး ကျဆုံးခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်ဗျ။ ရန်သူစခန်းသိမ်းပြီး ရန်သူဘက်က‌နေ G3 ၁၀ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်၊ 79 ၁ လက်၊ G3 ဘောက် ၁၅ ဘောက်၊ MA ဘောက် ၂ ဘောက်၊ G3 ကျည် ၁၃၆ တောင့်၊ ၅.၅၆ ကျည် ၃၇ တောင့်၊ လက်ပစ်‌ဗုံး ၉ လုံး၊ 79 အဖူး ၆ ဖူး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံး၊ အီကွစ်မန့် ၇ ခု၊ ငွေသား ၂၂ သိန်းတို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်ဗျ” လို့ ပြောပါတယ်။

စစ်တပ်ဘက်က ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကတော့ ကိုယ်ပိုင်အမှတ် လ ၂၀၆၀၇၂ ရဲအုပ် သောင်းထွေးစိုး၊ လ ၁၆၄ ၅၂၁ ရဲအရာခံ ထွန်းမင်းဇော်၊ လ ၁၉၀၂၂၉ ရဲတပ်ကြပ် ဇော်ဝင်းနိုင်၊ လ ၂၃၇၃၉၆ ရဲဒုတပ်ကြပ် တင်မျိုးထွန်း၊ လ ၂၆၆၆၅၄ ရဲတပ်သား ဇော်နိုင်၊ လ ၂၇၇၅၅၅ ရဲတပ်သား ရဲရင့်အောင်၊ လ ၂၈၇၃၅၇ ရဲတပ်သား သန်းတိုးအောင်၊ လ ၂၈၈၅၄၃ ရဲဒုတပ်ကြပ် မင်းမင်းထွန်း၊ လ ၂၈၉၆၅၂ ရဲတပ်သား မင်းမင်းဇော်၊ လ ၂၃၇၃၉၆ ရဲဒုတပ်ကြပ် သက်ကိုကို၊ ကပ ၉၆၂၂၈၁ တပ်ကြပ် ဦးထွန်း၊ တ ၄၈၃၁၆၈ တပ်သား မျိုးနိုင်ဝင်း တို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ဘက်ကတော့ အခုလို တိုက်ပွဲဖြစ်ပွားရာနေရာကို ဇူလိုင် ၉ ရက် ညနေ ၃ နာရီကျော်မှာ လေယာဉ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိပေမဲ့ ဒေသခံပြည်သူတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) ရဲ့ တာဝန်ရှိသူက “စစ်တပ်ဟာ မြိုင်မြို့နယ်ထဲကို တနေကုန်နီးပါးလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုက ၃ ကြိမ်ထက်မနည်းပါဘူး။ ကျနော်တို့ဆီကို ကနဦးဝင်လာတဲ့ မြေပြင်သတင်းတွေအရ သနပ်ရင်းရွာက စစ်ရှောင်ပြည်သူ ၁ ယောက်ဆုံးတယ်။ ၄ ယောက်လောက် ဒဏ်ရာရကြပြီးတော့ ဒဏ်ရာရတဲ့အထဲမှာ စိုးရိမ်ရတဲ့သူတွေပါတယ်လို့သိရတယ်။ တကယ့်မြေပြင်အခြေအနေကိုတော့ အတိအကျမသိရသေးပါဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဇူလှိုင် ၉ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်မှာ မြိုင်မြို့အနီးကို ၁ ကြိမ် နဲ့ ည ၈ နာရီဝန်းကျင်မှာ မြိုင်မြို့နယ်ထဲက ဗဟင်းကျေးရွာအနီး သနပ်ရင်းကျေးရွာကို ၁ ကြိမ် ဂျက်ဖိုက်တာတွေနဲ့ ဗုံး ၂ ကြိိမ်ကြဲချတိုက်ခိုက်ခဲ့သလို ည ၈ နာရီခွဲဝန်းကျင်မှာလည်း မြိုင်မြို့အရှေ့တောင်ဘက် မြို့စွန်တနေရာကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲချသွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်ထဲကိုလေကြောင်းတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေလို့ ဒေသခံပြည်သူတွေ​အနေနဲ့ ဗုံးခိုကျင်းတူးတာတွေအပြင် လေကြောင်းရန် ကာကွယ်ရေး သတိပေးချက်တွေကိုလည်း အထူးလိုက်နာကြဖို့ မြိုင်မြို့နယ်အခြေစိုက်တဲ့တော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဆက်တိုက်အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဇူလိုင် ၅ ရက်နေ့ နေ့လယ် ၁၁ နာရီဝန်းကျင်က မြိုင်မြို့နယ်တောင်ပိုင်း အိုရင်းကျေးရွာထဲကို ပခုက္ကူတပ်မ ၁၀၁ ထဲကနေတက်လာတဲ့ စက်တပ်လေထီး ၂ စီးနဲ့ ဗုံး ၂ လုံးကြချသွားခဲ့လို့ အသက် ၄၃ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးသွားခဲ့ပြီး ဇူလိုင် ၂ ရက်နေ့မှာလည်း မြိုင်မြို့နယ်တောင်ပိုင်းက ဗဟင်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူငယ်အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ် ၂ လုံးလည်း ပျက်စီးခဲ့သေးတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း (မြိုင်) ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013