Home
မြန်မာသတင်း
စလင်းတွင် စစ်ကောင်စီတပ်က PDF ယူနီဖောင်းဝတ်ပြီး နယ်မြေစစ်ဆေးရေးလုပ်‌နေ
DVB
·
July 10, 2025

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) ယူနီဖောင်းတွေဝတ်ပြီး နယ်မြေစစ်ဆေးရေးလုပ်‌နေတဲ့အတွက် ခရီးသွားတွေနဲ့ ဒေသခံတွေ သတိထားကြဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေက  သတိပေးထားပါတယ်။

ဇူလိုင် ၆ ရက်က စစ်ကောင်စီတပ်သားတွေက အင်အား ၁၀ ယောက်လောက်နဲ့ စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းမှာ PDF ယူနီဖောင်းတွေဝတ်ကာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

စလင်း-ဆင်ဖြူကျွန်း လမ်းပိုင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၂၈ ရက်ကတည်းက စစ်ကြောင်းထိုးလာတဲ့အတွက် စလင်းမြို့နယ် ပကဖက ပြည်သူတွေ သွားလာဖို့ ကန့်သတ်ထားပေမဲ့ စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ကာ PDF အယောင်ဆောင်ပြီး စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- စလင်းအဖွဲ့မှ ကိုအောင်ဆန်းက “ပြည်သူတွေက ပြောတာပေါ့နော် သူတို့ကလည်း ကျနော်တို့ အဖွဲ့လားပေါ့နော်၊ လမ်းမှာစစ်တာတွေ ရှိတယ်ပေါ့နော်၊ အဲ့ဒါတွေကနေ တဆင့် ကျနော်တို့ ပြန်သိရတာပါ။ ကျနော်တို့ ပြည်သူကို ပြန်ပြောတယ်၊ ဒါကျနော်တို့မဟုတ်ဘူး စစ် (-) တွေပေါ့နော်၊ ကျနော်တို့ ပြန်ပြီးတော့ သိရတာဗျ။ အဲနေ့ကဆို တနေကုန်ပဲဗျ။ အခုနောက်ပိုင်း သူတို့က ပုံမှားရိုက်တာတွေ တော်တော်များလာတယ် ဒီဘက်ကြောမှာလေ။ အဲနေ့က သူတို့အင်အားကလည်း လမ်းပိုင်းစစ်တာမှာတော့ ၁၀ ယောက်ဝန်းကျင်လောက်ရှိတယ်ဗျ၊ ကင်းမှာတော့  အင်အားအတော်များတယ်” လို့ ပြောပါတယ်။

လမ်းပိုင်းစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးဝန်းကျင်နေထိုင်တဲ့ ပြည်သူတွေက PDF တပ်ဖွဲ့တွေအထင်နဲ့ ရိက္ခာသွားပို့တာတွေရှိတဲ့အတွက် ပြည်သူတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်လို့  ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလလောက်ကလည်း တပ်မ ၈၈ လက်အောက်ခံဖြစ်တဲ့ ခလရ-၂၅၃၊ ၂၅၄၊  ၂၅၅ တပ်တွေအတွက် PDF ယူနီဖောင်းတွေကို မင်းဘူးကလာတဲ့ ဈေးကားမှာ ပါလာကြောင်း သတင်းရရှိဖူးတာလည်းရှိတယ်လို့  ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က PDF ယူနီဖောင်းတွေဝတ်ပြီး စလင်းမြို့နယ်ထဲက ကျေးရွာတရွာကို စစ်ကြောင်းထိုးဖူးတယ်ကို စလင်းမြို့နယ် စစ်ဘေးရှောင်အရေး ဆောင်ရွက်နေသူ တယောက်က ပြောပါတယ်။

“အဲ့ဒီစစ်ကြောင်း ဝင်တုန်းကဆို သူတို့ ဒီယူနီဖောင်းတွေ ဝတ်လာကြောင်း ရွာကနေ ဖုန်းဆက်မေးပါတယ်။ အဖွဲ့တွေက ဘယ်နှဖွဲ့ရှိတာလဲ၊ ဒီဘက်မှာ PDF ယူနီဖောင်းတွေနဲ့ ဝင်လာတာတွေ့လို့လို့ သူတို့ကပြောပါတယ်။ ကျမတို့က ခြုံငုံသုံးသပ်လိုက်လို့ရှိရင် သူတို့တွေဟာ PDF ယူနီဖောင်းတွေဝတ်ပြီး ရွာကို ဝင်လာမယ်ဆိုတာ သိရတာဖြစ်တဲ့အတွက် သေနတ်တွေကို ကြည့်ပါ သူတို့ကိုင်ထားတဲ့ သေနတ်ဒင်တွေမှာ နံပါတ်တွေပါတယ်၊ အဲ့ဒါဆိုရင် စခတွေပဲလို့ ကျမပြန်ပြောခဲ့ပါတယ်။”

စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားရင်း PDF ဂိတ်တွေကို ဖြတ်သွားရတဲ့အခါ အရပ်သားဟန်ဆောင်တာ၊ သင်္ကန်းဝတ်ကာ ဘုန်းကြီးဟန်ဆောင်ပြီး သွားလာတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

စစ်တပ်က အခုလို PDF အယောင်ဆောင် ပုံမှားရိုက်တာမျိုးတွေ မကြုံရဖို့ ပြည်သူတွေအနေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တာတွေကို အမြဲစောင့်ကြည့်ဖို့လိုပြီး ဆက်သွယ်မေးမြန်းကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013