
မွန်ပြည်နယ်၊ မုဒုံမြို့၊ ရွှေဟင်္သာဈေးထဲက ရွှေဆိုင်တဆိုင်ကို ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းမှာ သေနတ်သမားတယောက်က ဝင်ရောက်ပစ်ခတ်လို့ ဆိုင်ရှင်သေဆုံးခဲ့ပြီး သမီးဖြစ်သူလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ဈေးသူဈေးသားတွေဆီက သိရပါတယ်။
မြို့မ ၄ ရက်ကွက်မှာရှိတဲ့ ရွှေဟင်္သာဈေးထဲက ရွှေရတနာဦးရွှေဆိုင်ကို မနေ့မနက် ၁၁ နာရီခွဲလောက်မှာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတဲ့ အမျိုးသားတယောက်ရောက်လာပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ မျက်မြင်တွေ့သူတယောက်က ပြောပါတယ်။
“ဓားပြတိုက်တာမဟုတ်ပါဘူး။ သက်သက်ကိုလာပစ်သတ်တာပါ။ တယောက်တည်းလာတာ၊ မိုးကာအမဲ ဆိုင်ကယ်ဦးထုပ်အမဲနဲ့။ ၃ ချက်ပစ်တယ်။ တချက်က အပေါ်ကိုထောင်ပစ်တာ။ ၂ ချက်က ပိုင်ရှင်အဖိုးကြီးနဲ့ သူ့သမီးကို တချက်စီပစ်ပြီးပြေးသွားတာ”
ပစ်ခတ်ခံရလို့ ရွှေရတနာဦးရွှေဆိုင်ပိုင်ရှင် အသက် ၇၀ ဝန်းကျင်ဦးပန်းလာ မှာ မေ့စေ့ဖောက်ဝင်ဒဏ်ရာ ရင်ဘတ်ထိမှန်ဒဏ်ရာနဲ့ အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားခဲ့ပြီး သမီးဖြစ်သူ မပပဖြိုးမှာလည်း ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာတွေရတာကြောင့် မုဒုံမြို့နယ်ဆေးရုံကို အရေးပေါ်ပို့ဆောင် ကုသနေရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဈေးသူဈေးသားတယောက်က “ပထမတချက် သေနတ်ဖောက်လိုက်တော့အကုန်လုံးပြေးကြနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်နေတာ။ သူတို့က ဆိုင်ထဲမှာထိုင်နေတာပဲ။ ဘာမှလုပ်ချိန်ကိုမရှိလိုက်ဘူး။ လာတာနဲ့ဝင်ပစ်သွားတာဆိုတော့။ သူတို့က စိတ်ရင်းကောင်းတယ်။ အလှူတန်းလည်း လုပ်တဲ့သူတွေပါ။ ဝင်ပစ်သွားတဲ့သူကိုတော့ အခုထိမမိသေးပါဘူး” လို့ ပြောပါတယ်။
ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက မြို့တွင်းမြို့ပြင်နေရာတွေမှာ ပိတ်ဆို့ရှာဖွေနေပေမဲ့ သေနတ်နဲ့ပစ်ခတ်သူကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း ရွှေဆိုင်ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို တရားခံဖမ်းဆီးရမိခဲ့တာမျိုးလည်း မရှိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။