Home
မြန်မာသတင်း
မြင်းမူတွင် ရွှေဆိုင် ဓားပြတိုက်လာသူများကို PDF က ဖမ်းဆီးရမိ
DVB
·
May 4, 2025
Photo : မုံရွာခရိုင် အမှတ် ၉ တပ်ရင်း

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ကနေ ကျပ်သိန်း ၂ သောင်းခွဲကျော်တန်ဖိုးရှိတဲ့ ရွှေထည်တွေ ဓားပြတိုက်လာသူတွေကို သက်သေခံပစ္စည်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်တွေဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၁ ရက်နေ့၊ မနက် ၁၀ နာရီဝန်းကျင်က မြင်းမူမြို့ပေါ်မှာရှိတဲ့ ရွှေဧကရာဇ်ရွှေဆိုင်ကို ဓားပြတိုက်ပြီး ကျပ်သိန်း ၂၆,၀၀၀ တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်းတွေကို ယူဆောင်သွားကြတာဖြစ်ပြီး သူတို့ကို အဲဒီနေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးမိခဲ့တာပါ။

မုံရွာခရိုင် အမှတ် ၉ တပ်ရင်းရဲ့ပြန်ကြားရေးတာဝန်ခံက “မြင်းမူမြို့ပေါ်က ရွှေဧကရာဇ် ရွှေဆိုင်ကို ဓားပြတိုက်လာတဲ့သူတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း စက်လှေနဲ့လာတယ်ဆိုတာ သတင်းရတာကြောင့် စောင့်ဆိုင်းဖမ်းဆီးရမိခဲ့တာပါဗျ” လို့ ပြောပါတယ်။

ဖမ်းဆီးရမိသူတွေဟာ အသက် ၁၉ နှစ်အရွယ် ယုန်လေး (ခ) ပြည့်ဖြိုး၊ အသက် ၂၀ အရွယ် လင်းယုန် (ခ) အောင်စိုးမိုးနဲ့ ဂန္တာရ (ခ) သဲမောင်၊ အသက် ၂၉ နှစ်အရွယ် မိုးကြိုး (ခ) အောင်စိုးမိုး တို့ဖြစ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။

မုံရွာခရိုင် အမှတ် ၉ တပ်ရင်းရဲ့ တပ်ရင်းမှူး ဗိုလ်ယက္ခ က “သူတို့တွေက မြစ်ကြောင်းအတိုင်း တိုက်ရာပါပစ္စည်းတွေနဲ့အတူ စက်လှေနဲ့ပြန်လာကြတာကို ပြည်သူတယောက်ရဲ့သတင်းပေးမှုကြောင့် မြင်းမူနဲ့ ငါန်းဇွန်မြို့နယ်အစပ်မှာ စစ်ဆေးဖမ်းဆီးနိုင်ခဲ့တာပါ။ ရွှေဧကရာဇ်ရွှေဆိုင်ကို ဓားပြတိုက်လာတဲ့ သိန်း ၂၆,၀၀၀ ဖိုးလောက်ရှိတဲ့ရွှေထည်တွေနဲ့အတူ ဓားပြတိုက်ရာမှာအသုံးပြုခဲ့တဲ့ ပစ္စတိုသေနတ် ၁ လက်နဲ့ MA3 သေနတ် ၂ လက်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ရာပါပစ္စည်းတွေကိုတော့ ရွှေဧကရာဇ်ရွှေဆိုင်ပိုင်ရှင်တွေကိုခေါ်ပြီး ပြန်လည် အပ်နှံ ပေးလိုက်ပြီးဖြစ်ပါတယ်။ ဖမ်းမိတဲ့တရားခံတွေကိုတော့ စစ်ဆေးမှုတွေဆက်လက်ဆောင်ရွက်နိုင်ဖို့ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဆီကို လွှဲပြောင်းပေးလိုက်ပါပြီ။ မြင်းမူ ပလဖ ဘက်ကလည်း သူတို့ကိုစစ်ဆေးနေပြီး ပတ်သက်ဆက်နွှယ်သူတွေကိုလည်း ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်” လို့ DVB ကို ပြောပါတယ်။

အမှတ် ၁ စစ်ဒေသ ဗျူဟာ အမှတ် ၆၄ မုံရွာခရိုင် အမှတ် ၉ တပ်ရင်းနဲ့အတူ မုံရွာခရိုင် အမှတ် ၅၊ ၈၊ ၁၀၊ ၁၁ တပ်ရင်းတွေအပြင် မြင်းမူမြို့နယ်မြေ ၁ ပကဖ၊ ငါန်းဇွန်မြို့နယ် ပကဖ တို့ ပူးပေါင်းဖမ်းဆီးခဲ့​ကြတာလို့ သိရပါတယ်။

ရွှေဆိုင်ဓားပြတိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ မြင်းမူမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ရွှေဧကရာဇ်ရွှေဆိုင်ပိုင်ရှင် ဦးနိုင်စိုး တို့ဆီကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရရှိသေးပါဘူး။

စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတော့ မြင်းမူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တခုက ဓားပြတိုက်တာလို့ ရေးသားဖော်ပြနေပေမယ့် မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ မြင်းမူမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ပြည်သူအထင်အမြင်လွဲမှားအောင် တမင်ရေးသားနေတာပဲဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013