
အင်အားပြင်း ငလျင်ကြောင့်ထိခိုက်သေဆုံးမှုများခဲ့တဲ့ မန္တလေးမြို့မှာ ဓားပြတိုက်မှု၊ ခိုးဆိုးလုယက်မှုနဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ပစ္စည်းခိုးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။
ဧပြီ ၂၈ ရက် နေ့လယ်ပိုင်းမှာ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက်က ရွှေဇာမဏီရွှေဆိုင်ကို ပြောက်ကျားယူနီဖောင်းဝတ်ထားသူ ၂ ယောက် ဦးဆောင်တဲ့အဖွဲ့က ဓားပြတိုက်ပြီး ရွှေတွေ ယူသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ချမ်းမြသာစည်မြို့နယ်ဟာ ငလျင်ကြောင့်ထိခိုက်မှုများခဲ့ပြီး ဒုဗိုလ်ချုပ်ကြီး မျိုးမင်းအောင် ရုံးထိုင်တဲ့မြို့ဖြစ်ပါတယ်။ ဓားပြတိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း မြို့နယ်နေရာ အနှံ့စစ်တပ်နဲ့ ရဲတွေက ပိတ်ဆို့ ရှာဖွေပေမဲ့ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမမိဘူးလို့ သိရပါတယ်။
မန္တလေးမြို့ခံက “ဓားပြတိုက်တာက အခု ငလျင်လှုပ်တာတွေ မဖြစ်ခင်ကတည်းက ရှိနေတာပဲလေ၊ လုယက်တာတွေ ဓားပြတိုက်တာတွေ အဲ့တာတွေက တွေ့နေတာပဲလေ။ ငလျင်ကြောင့် ပိုဖြစ်တာမျိုးတော့ မကြားမိဘူး။ ခဏခဏ တိုက်နေတာ ပိုပြီးထူးမလာပါဘူး။ လုံခြုံရေးကလည်း ရဲတွေက ပတ်တာတော့ ပတ်နေတာပဲလေ။ ညပိုင်းဆိုလည်း အဲဒီလို စစ်ကားတွေနဲ့ ပတ်တာမျိုးရှိတယ်။ နေ့တိုင်း ဓားပြတိုက်မှုတွေ လုယက်မှုတွေ ဖြစ်နေတာမျိုးတော့မရှိဘူး၊ စစ်သား တွေ့ရလားဆိုတော့ အစောင့်ချထားတာမျိုးတော့ မရှိဘူး။ သွားလာနေတာမျိုးတော့ တွေ့ရတယ်။ ဥပမာ သူတို့ တိုက်ပြိုတဲ့ဟာ လာရှင်းတဲ့ဟာမျိုးတို့ လူကြီးလမ်းကြောင်း ရှိတဲ့အချိန်မျိုးတို့ အဲဒီလိုမျိုးကတော့ လုံခြုံရေးချတဲ့ နေရာတွေရှိတာပေါ့”လို့ ပြောပါတယ်။
ငလျင်ကြောင့် မန္တလေးမြို့မှာ အိုးအိမ်ဆုံးရှုံးသူဦးရေ ၂၁၀၀၀ ကျော်ရှိခဲ့ပြီး ပြန်လည် ထူထောင်ရေး မစတင်နိုင်သေးတဲ့အတွက် အဲဒီလူတွေက ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြရပါတယ်။
ငလျင်ဘေးသင့်ပြည်သူတွေ စုပေါင်းနေထိုင်ကြတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာလည်း ခိုးမှုတွေ ဖြစ်ပွားနေတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။
ကယ်ဆယ်ရေးစခန်းတွေမှာ အုပ်ချုပ်ရေးမှုး၊ ရာအိမ်မှူး၊ မြေစာရင်းဦးစီးဌာနက လူကြီးတွေနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။
ငလျင်ဘေးသင့်ပြည်သူတွေကို အကူအညီပေးနေသူတယောက်က “၃၀ ပတ်လည် camp တလုံးမှာ မိသားစု လေးစု ထားတယ်ဗျာ။ လေးစု ထားတယ် ဆိုတော့ ဘယ်လောက်တောင် ခက်ခဲမလဲဆိုတာ၊ သဘောပေါက်လို့ ရတယ်။ အဲဒီထဲမှာ ပစ္စည်းပျောက်တာရှတာ ရှိတယ်။ ဖုန်းအားသွင်းထားရင်း ဖုန်းအခိုးခံရတာတွေ ရှိတယ်။ လုယက်မှုအနေနဲ့ကတော့ camp တဲထဲမှာတော့ မရှိဘူး။ အပြင်ပိုင်းမှာ လုယက်မှုတွေ ဓားပြတိုက်မှုတွေက မန္တလေး အနေအထားအရ များတယ်လေ။ အဲဒါတွေ အပြင်ပိုင်းမှာ ကြုံတွေ့နေရတာတော့ မန္တလေးသူ မန္တလေးသားတွေအတွက် သိပ်မထူးဆန်းတော့ပါဘူး။ camp တဲအတွင်းမှာတော့ ထိုက်သင့်တဲ့ လုံခြုံရေးကရှိပါတယ်။ စည်းကမ်းထိန်းသိမ်းမှုအပိုင်းအနေနဲ့လည်း ဥပမာ ရန်မဖြစ်ရ ရန်ဖြစ်ရင် ရန်ဖြစ်တဲ့ မိသားစု ၂ စုလုံးကို အုပ်ချုပ်ရေးက ထုတ်ပစ်တာ”လို့ ပြောပါတယ်။
မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ရှားခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြီးကြောင့် မန္တလေးမြို့မှာ ပြည်သူ ၁၇၀၀ နီးပါး သေဆုံးခဲ့ပြီး ဧပြီ ၂၈ ရက်မှာ ငလျင်လှုပ်ခတ်ခဲ့တာ တလပြည့်ခဲ့ပြီဖြစ်ပေမဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစတင်နိုင်သေးပါဘူး။
သီရိ