Home
မြန်မာသတင်း
အင်အားပြင်းငလျင် ၁ လပြည့်ချိန် နောက်ဆက်တွဲငလျင်များကြောင့် မန္တလေးမြို့ခံများ စိုးရိမ် 
DVB
·
April 28, 2025
Photo: REUTERS/Stringer

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး အချိန်တလ ကြာမြင့်လာပြီဖြစ်ပေမဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခတ်နေတာကြောင့် မန္တလေးမြို့က ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့  ပြောပါတယ်။

စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိ တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်လှုပ်ခတ်ခဲ့တဲ့ ဧပြီ  ၂၈ ရက် ဆိုရင် တလတင်းတင်းပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ရာနဲ့ချီ လှုပ်ခတ်နေဆဲ ဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြတာပါ။

မနေ့ညက မန္တလေးမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရစ်ခ်ျတာစကေး ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု ထပ်မံလှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီငလျင်ငယ်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့က ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်ပြီး နေအိမ်ကနေ လမ်းမပေါ်ကို ထိတ်လန့်တကြား ပြေးဆင်းခဲ့ရတယ်လို့ မန္တလေးမြို့ခံတယောက်က ပြောပါတယ်။

“မနေ့ညက လှုပ်သွားတဲ့အချိန်တုန်းက တော်တော်လေးအရှိန်ပြင်းတယ်။ ပြင်းအား မဂ္ဂနီကျု ၄ ဒသမ ၄ လို့ဆိုပေမဲ့ အစ်ကိုတို့နေတဲ့ တိုက်ဆိုရင် သိသိသာသာကို ခါထွက်သွားတယ်။ အကြာကြီးလှုပ်တာ မဟုတ်ဘဲ တချက်တည်း ဆောင့်လှုပ်တာဆိုတော့ တော်တော်များများ လမ်းပေါ်ကို ပြေးဆင်းသွားကြတယ်။ ကြောက်အားလန့်အားနဲ့ အကုန်လုံးလမ်းပေါ်ကို ရောက်သွားကြတာပေါ့။ နည်းနည်းလေးငြိမ်သွားပြီး ၁ နာရီလောက်နေမှ အိမ်ထဲကို ပြန်ဝင်ကြတာ။”

မန္တလေးမြို့မှာ မနေ့ညက နောက်ဆက်တွဲလှုပ်ခတ်သွားတဲ့ ငလျင်ငယ်ကြောင့် ငလျင်ဒဏ်ထိတဲ့  အဆောက်အအုံတလုံး ထပ်ပြီး  ပြိုကျပျက်စီးခဲ့ရသလို စစ်ကိုင်းနဲ့ ပြင်ဦးလွင်မြို့တွေမှာလည်း ငလျင်ငယ် လှုပ်ခတ်မှုဒဏ်ကို သိသိသာသာ ခံစားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ခတ်မှာကို စိုးရိမ်နေရတဲ့အပြင် ခုလိုအဖြစ်ဆိုးတွေလည်း ထပ်မကြုံချင်တော့ပါဘူးလို့ မန္တလေးမြို့မှာ လူမှုကယ်ဆယ်ရေးတွေ လုပ်ပေးနေတဲ့ ကိုမင်းသားကြီးက ပြောပါတယ်။

“၂၈ ရက်နေ့က ကြုံထားတဲ့ အခြေအနေကြောင့် နည်းနည်း အုတ်အော်သောင်းနင်း ဖြစ်ကြတာပေါ့၊ ကျနော်တို့ကိုယ်တိုင်ကလည်း စိုးရိမ်မှုတွေ များတယ်။ ထပ်ပြီးတော့ အခုလိုတိုက်တွေ ဘာတွေ ထပ်ပြိုကျမှာ စိုးရိမ်တာပေါ့။ နေ့တိုင်းတော့ လှုပ်ပါတယ်။ မသိမသာလေး အနည်းအကျဉ်းလောက်ကတော့ လှုပ်ပါတယ်။ ကယ်ဆယ်ရေးစခန်းတွေ၊ ငလျင်ရှောင်တဲ့ စခန်းတွေကနေလည်း မိမိနေရာကို ပြန်ရောက်နေကြပြီလေ၊ ကျနော်တို့ရပ်ကွက်ကဆိုလည်း အိမ်တွေကို ပြန်ရောက်နေပြီဆိုတော့ ပြင်းထန်စွာ လှုပ်ပြီဟေ့ဆိုတာနဲ့ ပြန်ပြိုကျသွားမှာ ကျနော် စိုးရိမ်တယ်ပေါ့နော်၊ ထပ်ပြီး ဒီလိုအဖြစ်ဆိုးတွေလည်း ထပ်မဖြစ်ချင်တော့ပါဘူး။”

မတ် ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက်ပိုင်း တလကြာတဲ့အထိ နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၁၅၈ကြိမ် လှုပ်ခတ်ခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

DVBက ကောက်ယူရရှိထားတဲ့စာရင်းတွေအရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၄၄၁၀ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၁၃၆၆ ယောက်နဲ့ အဆောက်အအုံပေါင်း ၅၀၂၇၈ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ 

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013