Home
မြန်မာသတင်း
ပြိုကျ Sky Villa ကွန်ဒိုအောက်မှ တလအတွင်း ရုပ်အလောင်း ၁၀၀ ကျော် တွေ့ရှိ
DVB
·
April 28, 2025
Photos: MFSD

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa အဆောက်အအုံအောက်ကနေ ကလေးငယ်တွေ အပါအဝင် ရုပ်အလောင်း ၁၀၀ ကျော်အထိ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa အဆောက်အအုံကနေ ဧပြီ ၂၈ ရက်အထိ တလအတွင်း ကလေးငယ် ၇ လောင်း အပါအဝင် ၁၀၇ လောင်းအထိ ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ နီးစပ်သူတယောက်က “ရုပ်အလောင်းတွေ ဆက်တိုက်တွေ့ရှိနေပါတယ်။ ထပ်မံတွေ့နိုင်သေးတာကြောင့် ဆက်လက်ရှာဖွေနေပါတယ်။ အခု ရှာဖွေရှင်းလင်းရေးလုပ်ငန်းတွေကို ပြည်တွင်းအဖွဲ့တွေက အဓိကလုပ်နေတာ” လို့ ပြောပါတယ်။

ပြိုကျ မန္တလေး Sky Villa အဆောက်အအုံအောက်ကနေ လူ ၅၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာရရှိထားသူ အများအပြားပါဝင်ပြီး လက်ရှိအချိန်အထိ ဆေးကုသမှုခံယူနေရတဲ့သူ အများစုရှိတယ်လို့ ဆိုပါတယ်။

အရပ်ဘက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတယောက်က “လတ်တလောအနေနဲ့ ကွန်ဒို အပြိုအပျက်အောက်ကနေ အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို ဧပြီ ၂၇ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တယ်။ တလပြည့်တဲ့ ၂၈ ရက် ဒီနေ့မှာလည်း ဖယ်ရှားရှင်းလင်းရေးတွေကို ဆက်လက်လုပ်ဆောင်နေတယ်။ ဒီရက်ထဲ နေအပူရှိန်ကြောင့် ရှာဖွေရှင်းလင်းရေးလုပ်ရတာ ပင်ပန်းတာတော့ ရှိတာပေါ့နော်” လို့ ပြောပါတယ်။

လတ်တလော ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ အချိန် တလအထိ ရှိလာပြီဖြစ်တဲ့အတွက် ပုပ်ပွဲနေတာကြောင့် ရုပ်အလောင်းတွေကို ကျန်းမာရေးဌာနက စစ်ဆေးပြီး ကျား/မ ခွဲခြားပေးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် အစရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ မနေ့ ဧပြီ ၂၇ ရက်အထိ အင်အားပြင်းငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၇၆၉ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၆ ယောက်နဲ့ ပျောက်ဆုံးနေသူ ၁၀၇ ယောက်အထိ ရှိတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013