Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ထိုင်းတွင် ငလျင်လှုပ်ကြောင်း သဘာဝဘေးသတိပေးချက်စနစ် စမ်းသပ်မည်
DVB
·
April 24, 2025
Photo: Bangkok Post

ထိုင်းနိုင်ငံမှာ ငလျင်ဘေးလို သဘာဝဘေးအန္တရာယ်တွေကို ဆဲလ်ဖုန်းကတဆင့် သတိပေးမယ့် စနစ်ကို စမ်းသပ်မှုတွေ ပြုလုပ်သွားမယ်လို့ ပြောတဲ့အကြောင်း AFP သတင်း တပုဒ်မှာ ဧပြီ ၂၃ ရက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လက လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မြို့တော် ဘန်ကောက်မှာ လူအသေအပျောက် များခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပေမဲ့ သတိပေးနှိုးဆော်ချက်တွေ မပေးပို့ခဲ့တဲ့အပေါ် ထိုင်းအကြီးတန်းအရာရှိတွေက ဝေဖန်ခဲ့ပြီးနောက်မှာ ခုလိုထွက်ပေါ် လာခဲ့တာပါ။

ထိုင်းဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန (DDPM) က ညွှန်ကြားရေးမှူးချုပ် ဖာဆခွန် ဘွန်ယာလာ့ခ်က သတိပေးချက် ထုတ်လွှင့်မယ့် Cell Broadcast System (CBS) ကို ငလျင်ဒဏ်ခံခဲ့ရတဲ့ မြို့တော်အပါအဝင် ဒေသအလိုက် လာမယ့်လထဲမှာ စမ်းသပ်လည်ပတ်သွားမယ်လို့ ပြောပါတယ်။

အဆိုပါစနစ်က သဘာဝဘေးအန္တရာယ်နဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေအတွက် သတိပေး စာတိုပေးပို့နိုင်ဖို့ မိုဘိုင်းကွန်ရက် ၃ ခုကို အသုံးပြုမယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

လာမယ့် မေ ၂ ရက် စတင်မယ့် ဒီစနစ်မှာတော့ မြို့တော်ခန်းမ အဆောက်အအုံ ၄ ခုကို အသေးဆုံး စမ်းသပ်ဧရိယာတွေအဖြစ် စမ်းသပ်မှု ၃ ကြိမ် ပြုလုပ်မှာဖြစ်ပြီး တတိယ တကြိမ်ကတော့ ဘန်ကောက်ဧရိယာတခုလုံးကို လွှမ်းခြုံမယ့် အကြီးဆုံး လေ့ကျင့်မှုဖြစ်ကာ ချင်းမိုင်ဧရိယာတခုလုံးကိုတော့ မေ ၁၃ ရက်မှာ စတင်နိုင်မယ်လို့ ဆိုပါတယ်။

ထိုင်းပြည်သူတွေရဲ့ ဆဲလ်ဖုန်းတွေရဲ့ စခရင်တွေပေါ်မှာ ထိုင်းနဲ့ အင်္ဂလိပ်လို ပေါ်လာမယ့် မက်ဆေ့ချ်ကို ဥဩသံနဲ့ တွဲလျက်သား လက်ခံရရှိနိုင်မယ်လို့ မစ္စတာ ဖာဆခွန်က ပြောလိုက်ပြီး မက်ဆေ့ချ်ထဲမှာ “ဤသည်မှာ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာနမှ စမ်းသပ်သတင်းစကားဖြစ်ပြီး အရေးယူရန် မလိုအပ်ပါ” လို့ ပါရှိမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒါဟာ CBS ရဲ့ ပထမဆုံးသော အများပြည်သူနဲ့ဆိုင်တဲ့ စမ်းသပ်မှုဖြစ်ပြီး Roaming ကွန်ရက်တွေပေါ်ကတဆင့် ခရီးသည်တွေကလည်း သတိပေးချက်ကို လက်ခံရရှိကြောင်း ပြောကြတယ်လို့ ဆိုပါတယ်။

ထိုင်းဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန (DDPM) အနေနဲ့ ငလျင်လှုပ်ပြီး ၁၀ မိနစ်အတွင်း သတိပေးချက်ထုတ်ပြန်ရနိုင်ဖို့ ရည်ရွယ်ထားကြောင်း မစ္စတာ ဖာဆခွန်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၃,၇၀၀ ကျော် သေဆုံးခဲ့ပြီး ဘန်ကောက်မြို့မှာတော့ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ ပြိုကျမှုကြောင့် လူ ၅၃ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

ထိုင်းနိုင်ငံမှာ ခုလို ပြင်းထန်တဲ့ ငလျင်မျိုး ကြုံခဲပေမယ့် ဘန်ကောက်မှာတော့ မိုးရာသီဆိုရင် ရေကြီးရေလျှံမှုတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။

Source: AFP

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013