Home
နိုင်ငံတကာ
၅၄ ပေါင်အလေးချိန်ရှိ အင်္ဂါဂြိုဟ်အပိုင်းအစ ဥက္ကာခဲကို လေလံတင်မည် 
DVB
·
July 10, 2025
Photo :Reuters

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့မှာ Sotheby’s တန်ဖိုးကြီး လေလံရုံက ဇူလိုင် ၁၆ ရက်မှာ လေလံပွဲမကျင်းပမီ ၅၄ ပေါင် အလေးချိန်ရှိပြီး NWA 16788 လို့ခေါ်တဲ့ ကမ္ဘာပေါ်မှာ ရှာတွေ့သမျှ အကြီးဆုံး အင်္ဂါဂြိုဟ်အပိုင်းအစ ဥက္ကာခဲကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ဒါက အင်္ဂါဂြိုဟ်မျက်နှာပြင်ကနေ ကွဲထွက်သွားတဲ့ အံ့သြဖွယ် အင်္ဂါဂြိုဟ် ဥက္ကာခဲတခုပါလို့ Sotheby’s ရဲ့ ဒုဥက္ကဋ္ဌနဲ့ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံနဲ့ သဘာဝသမိုင်းဆိုင်ရာ အကြီးအကဲ ကက်စန်ဒရာ ဟတ်တန်က ပြောပါတယ်။

ဓာတ်ခွဲခန်း စမ်းသပ်မှုတွေထဲမှာ ကျောက်တုံးကို ဆာဟာရကန္တာရထဲကနေ ရလာပြီး သူ့ရဲ့  ဇာစ်မြစ်ကို အတည်ပြုခဲ့တာကို သတိပြုမိတယ်လို့လည်း သူကပြောပါတယ်။

ဒီဥက္ကာခဲအပိုင်းအစကို နိုင်ဂျာနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ အဂါဒက်ဇ်ဒေသမှာ ဥက္ကာခဲမုဆိုးတယောက်က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲခန်းကိုရောက်ပြီး အပိုင်းအစတွေကို စမ်းသပ်စစ်ဆေးပြီးတဲ့ အချိန်မှာ အင်္ဂါဂြိုဟ် ဥက္ကာခဲလို့ သိလိုက်ရတာပါ။

အဲဒီရလဒ်တွေ ပြန်ထွက်လာပြီး နှိုင်းယှဉ်ကြည့်တဲ့အခါ ဒါဟာ အင်္ဂါဂြိုဟ်တင်မဟုတ်ဘဲ ကမ္ဘာပေါ်မှာ အကြီးမားဆုံး အင်္ဂါဂြိုဟ်အပိုင်းအစ ဖြစ်နေမှန်း သိခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ သန်းလောက်က ဂြိုဟ်သိမ် ဒါမှမဟုတ် ကြယ်တံခွန်ဟာ အင်္ဂါဂြိုဟ်ပေါ် အပြင်းအထန် ဝင်ရောက်ခဲ့ပြီး ကျောက်တုံးတွေနဲ့ တခြားအပျက်အစီးတွေ အာကာသထဲကို လွင့်စင်ထွက်ခဲ့ပါတယ်။

နှစ်သန်းပေါင်းများစွာ ခရီးနှင်ပြီးတဲ့နောက် နောက်ဆုံးမှာ ဥက္ကာခဲတချို့က ကမ္ဘာမြေပေါ် ဆင်းသက်ခဲ့ပြီး ဂြိုဟ်နီကြီးကနေ ကြွေကျလာတဲ့ ဥက္ကာခဲ အမျိုးအစား သုံးမျိုးထဲက အကြီးဆုံး ဖြစ်လာခဲ့ပါတယ်။

တရားဝင်အသိအမှတ်ပြု ဥက္ကာခဲ ၇၇,၀၀၀ ကျော်ထဲမှာ အင်္ဂါဂြိုဟ် ဥက္ကာခဲ ၄၀၀ လောက်ကိုသာ လူသိကြပြီး NWA 16788 ထက် အဆမတန် သေးငယ်ကြပါတယ်။

အခုထုတ်ပြတဲ့ အင်္ဂါဂြိုဟ် ဥက္ကာခဲဟာ အမေရိကန်ဒေါ်လာ ၂ သန်းကနေ ၄ သန်းကြား ရောင်းချရမယ်လို့ ခန့်မှန်းထားပြီး Sotheby's ရဲ့ နှစ်စဉ်ကျင်းပတဲ့ လေလံသီတင်းပတ်အတွင်း ဇူလိုင် ၂ ရက်ကနေ ၇ ရက်နေ့အထိ ပြသထားမှာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013