Home
မြန်မာသတင်း
အာဆီယံလုပ်ပိုင်ခွင့်အရ မြန်မာစစ်ခေါင်းဆောင်နှင့်တွေ့ခဲ့ဟု မလေးရှားဝန်ကြီးချုပ်‌ပြော
DVB
·
July 8, 2025
Photo: Anwar Ibrahim Facebook

မြန်မာစစ်ခေါင်းဆောင်နဲ့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဘန်ကောက်မှာ တွေ့ဆုံခဲ့တာဟာ အာဆီယံရဲ့ လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခဲ့တာသာ ဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ရှင်းလင်း ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး သေချာခိုင်မာစေဖို့နဲ့ မတ်လတုန်းက ထိခိုက်ပျက်စီးမှုများခဲ့တဲ့ အင်အားပြင်း ငလျင်ဘေးအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးရေး ညှိနှိုင်းဆောင်ရွက်ဖို့ ရည်ရွယ်ပြီး စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာလို့လည်း ပြောပါတယ်။

မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က “ကျနော် အာဆီယံရဲ့ လုပ်ပိုင်ခွင့်အာဏာနဲ့ လာတာပါ။ ပထမတခုက အပစ်အခတ်ရပ်စဲရေးပေါ့။ သေချာတာပေါ့။ သူနဲ့ ငြင်းခုံစကားများရတာ တခု၊ နှစ်ခုလောက်တော့ ရှိနိုင်တာပေါ့ဗျာ၊ ပြီးတော့ သဘောတူလက်ခံခဲ့ပါတယ်။ နံပါတ် ၂ ကတော့ လူသားချင်းစာနာကူညီရေးကိစ္စပါ။ ပွင့်လင်းမြင်သာမှုရှိပြီး ခွဲခြားဆက်ဆံမှု မရှိပေးဖို့ပါ” လို့ France 24 သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

မြန်မာနဲ့ စေ့စပ်ညှိနှိုင်းဖို့ အာဆီယံခေါင်းဆောင်တွေရဲ့ ထောက်ခံသဘောတူညီချက်အရ လုပ်ဆောင်ခဲ့တယ်၊ ကန့်ကွက်တာ မတွေ့ရဘူးလို့လည်း ပြောပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံမှုဟာ အရင် အာဆီယံ ကျင့်သုံးခဲ့တဲ့ အကျိုးဖြစ်ထွန်းမှု နည်းနည်းပဲ ရရှိခဲ့တဲ့  ထိတွေ့ဆက်ဆံမှုတွေမလုပ်ဖို့ မူဝါဒကနေ ဗျူဟာအရ ပြောင်းလဲလုပ်ဆောင်ခဲ့တာလို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌလည်းဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်က ပြောပါတယ်။

ဧပြီ ၁၇ ရက်က မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ဟာ ထိုင်းနိုင်ငံခရီးစဉ်အတွင်း  မြန်မာစစ်ခေါင်းဆောင်နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးအတွက် အာဆီယံ အသိုက်အဝန်းမှ စည်းလုံးညီညွတ်မှုနဲ့ ဆက်လက်ကူညီဆောင်ရွက်ရေး၊ မြန်မာ-အာဆီယံ အသိုက်အဝန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့သာ စစ်ကောင်စီက ထုတ်ပြန်ထားပြီး အပစ်အခတ်ရပ်စဲရေး တိုးချဲ့လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်လို့ မလေးရှားဘက်က သတင်းထုတ်ပြန်ပါတယ်။

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးမှု အပြီးမှာတော့ မလေးရှားဝန်ကြီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့လည်း ဧပြီ ၁၈ ရက် မနက်က မိနစ် ၄၀ ကြာ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ ငလျင်ဘေးသင့်ဒေသတွေမှာ မလေးရှားက ကွင်းဆင်းဆေးရုံတွေ ဖွင့်လှစ် ကူညီပေးခဲ့ကြောင်းနဲ့ အသေးအဖွဲတိုက်ခိုက်မှုတွေ ဆက်ဖြစ်ပေမဲ့ အပစ်အခတ်ရပ်စဲရေးကြောင့် ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပျက်စီးမှုတွေ လျော့ကျသွားတယ်လို့ မလေးရှားခေါင်းဆောင်က ပြောပါတယ်။
ဒါပေမဲ့ လက်တွေ့ မြေပြင်မှာတော့ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ ဇွန် ၅ ရက် အထိ စစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုအကြိမ်ရေ ၈၇၀ ပြုလုပ်ခဲ့ကြောင်း DVB က စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

အဲဒီပမာဏထဲက အကြိမ်ရေ ၇၃၀ ဟာ စစ်ကောင်စီကိုယ်တိုင် အပစ်ရပ်ကြောင်း ကြေညာထားတဲ့ ကာလအတွင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ငလျင်လှုပ်ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့  လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ် အပါအဝင် အပြစ်မဲ့ပြည်သူများနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် စုစုပေါင်း ၅၅၆ ယောက်ထက်မနည်း သေဆုံးခဲ့ရကြောင်း DVB ရဲ့ ကောက်ယူစုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

Source: Bernama

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013