Home
မြန်မာသတင်း
ကမ္ဘာ့ဘဏ်၏  မြန်မာ့စီးပွားရေး ခန့်မှန်းချက် မှန်ကန်မှုမရှိဟု  စစ်ခေါင်းဆောင် ဝေဖန် 
DVB
·
July 3, 2025

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့ GDP ခန့်မှန်းချက်ဟာ အချက်အလက်တွေ မှန်ကန်မှုမရှိသလို ပြည့်စုံမှုလည်း မရှိဘဲ ခန့်မှန်းထားတာသာဖြစ်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဇူလိုင် ၂ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတော်စီးပွားရေးတိုးတက်စေရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောတာပါ။

ကမ္ဘာ့ဘဏ်အနေနဲ့ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်အတွက်  မြန်မာနိုင်ငံရဲ့ GDP ကိုအရင်က  ၂ ဒသမ ၅ ရာခိုင်နှုန်းလောက် တိုးတက်လာမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ အခုချိန်မှာတော့ အနုတ် ၂ ဒသမ ၅ ခန့်ရှိလာမယ်လို့ ခန့်မှန်းထားတာပါ။

ဒါကို စစ်ခေါင်းဆောင်က သဘောတူပုံမရဘဲ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်တွဟာ အချက်အလက် ပြည့်စုံမှုမရှိသလို မှန်ကန်မှုမရှိတာကို တွေ့ရကြောင်းနဲ့ နိုင်ငံအတွင်း နေထိုင်သူတွေက ကြိုးပမ်းဆောင်ရွက်ပါက နိုင်ငံရဲ့ GDP တိုးတက်လာမှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ GDP ဟာ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၄ ဘီလီယံရှိတယ်လို့ ဆိုပြီး ၂၀၂၅-၂၆  ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၆ ဘီလီယံ ရှိလာဖို့ ခန့်မှန်းထားတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

စစ်ခေါင်းဆောင်က မြန်မာ့စီးပွားရေး တိုးတက်မယ်လို့ ပြောနေပေမဲ့ လက်တွေ့မြေပြင်မှာတော့ စစ်အာဏာသိမ်းပြီးနောက်  မြန်မာ့စီးပွားရေးဟာ အဆိုးရွားဆုံးအခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပြီး မြန်မာပြည်သူတွေဟာလည်း ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်တွေကို အလူးအလဲ ခံစားနေကြရပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီး ကုန်ထုတ်လုပ်မှုတွေ လျော့ကျခဲ့သလို ငလျင်သဘာဝဘေးကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေထပ်မံထိခိုက်ခဲ့ပြီး GDP အနုတ် ၂ ဒသမ ၅ အထိ ကျဆင်းသွားတယ်လို့ ကမ္ဘာဘဏ်ကထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင်ကတော့ ငလျင်ဘေးပြီးတဲ့နောက် စီးပွားရေးတိုးတက်ဖို့ အတိုးနှုန်းသက်သာစွာနဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက် ထုတ်ပေးနေတာကြောင့် မြန်မာ့စီးပွားရေးက အမြန်ဦးမော့လာမယ်လို့ ပြောပါတယ်။ 

ကမ္ဘာဘဏ်ရဲ့ထုတ်ပြန်ချက်ကိုငြင်းဆိုနေပေမဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ထဲမှာ စီးပွားရေးတိုးတက်လာတယ်ဆိုတဲ့အချက်အလက်တွေကို ထည့်မပြောနိုင်ခဲ့ပါဘူး။

အာဏာသိမ်းပြီးကတည်းက ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ခိုင်မာအားကောင်းမှုနည်းနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ ငလျင်ကြောင့် ပိုမို အထိနာခဲ့ပြီး ကိုဗစ်-၁၉ ကာလမတိုင်ခင်က စီးပွားရေးအခြေအနေအောက် ၁၃ ရာခိုင်နှုန်း လျော့ကျမယ်လို့လည်း ကမ္ဘာ့ဘဏ်က ဇွန်လ ထဲမှာခန့်မှန်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံရှိတယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး အဲဒီပမာဏဟာ မြန်မာနိုင်ငံ GDP ရဲ့ ၁၄ ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော်မှာ ရှိတဲ့ ပြည်သူပေါင်း ၁၇ သန်း ထိခိုက်ခဲ့ရပြီး အဲဒီထဲက ပြည်သူပေါင်း ၉ သန်းဟာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရပါတယ်။

ငလျင်ကြောင့် ကုန်ဈေးနှုန်းတွေလည်း ဆက်လက် မြင့်တက်နေပြီး ငွေကြေးဖောင်းပွမှုကလည်း ၃၄ ဒသမ ၁ ရာခိုင်နှုန်း ရှိနေသလို ၂၀၂၄ ခုနှစ်မှာ ၃၁ ရာခိုင်နှုန်းရှိနေခဲ့တဲ့ ဆင်းရဲမွဲတေမှုနှုန်းကလည်း ၂ ဒသမ ၆ ရာခိုင်နှုန်း ထပ်မံ မြင့်တက်သွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

လက်ရှိ ငလျင်သင့်ကာလ ၃ လကျော်ကြာမြင့်တဲ့အချိန်ထိလည်း ငလျင်ဘေးဒဏ်သင့် ဒေသတွေဟာ ၃၀ ရာခိုင်နှုန်းလောက်တောင် ပြန်လည်ထူထောင်ရေးမလုပ်နိုင်သေးဘူးလို့ ငလျင်ဘေးကို ဆိုးရွားစွာခံစားခဲ့ရတဲ့ စစ်ကိုင်းနဲ့ မန္တလေးမှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013