Home
မြန်မာသတင်း
ဒေါ်စောမြရာဇာလင်း၊ လီလီနိုင်ကျော်နှင့် စိုးမြတ်သူဇာအပါအဝင် အမျိုးသမီး ၁၅၁ ဦးကို စစ်ခေါင်းဆောင် ဘွဲ့တံဆိပ်များပေး
DVB
·
July 3, 2025

စစ်တပ်ကို အမြဲထောက်ခံအားပေးပြီး စစ်တပ်ခိုင်းသမျှ လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း အပါအဝင် အမျိုးသမီး ၁၅၁ ယောက်ကို စစ်ခေါင်းဆောင်က ဇူလိုင် ၃ ရက်မှာ ဘွဲ့တံဆိပ်တွေ ပေးခဲ့ပါတယ်။

မြန်မာအမျိုးသမီးများနေ့အတွက် ရည်ရွယ်ပြီး နိုင်ငံအတွင်းရှိ အမျိုးသမီး ၁၅၁ ယောက်ကို ဝဏ္ဏကျော်ထင်ဘွဲ့၊ ရဲဗလဘွဲ့၊ ရဲကျော်စွာဘွဲ့၊ လူမှုထူးချွန်ဆု၊ စီမံထူးချွန်၊ လယ်ယာထူးချွန်ဆု၊ စီးပွားထူးချွန်ဆု၊ အနုပညာထူးချွန်ဆုနဲ့ စာပေထူးချွန်ဆုတွေကို စစ်ခေါင်းဆောင်က ပေးခဲ့တာပါ။

ဝဏ္ဏကျော်ထင်ဘွဲ့ကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ပါတီ ဦးဆောင်သူဖြစ်တဲ့ ဒေါ်စောမြရာဇာလင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ရဲ့ ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ နော်ကပေါ်ထူးနဲ့ ပညာရေးဝန်ကြီးဌာနက ပါမောက္ခ/ ဌာနမှူး (ငြိမ်း) ဒေါက်တာဒေါ်ပို တို့ကို ပေးခဲ့ပါတယ်။

ရဲဗလဘွဲ့ကို မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်၊ အဆိုတော် လီလီနိုင်ကျော်၊ ဒေါပုံမြို့နယ်က ဒေါ်နှင်းသီတာ အပါအဝင် အမျိုးသမီး ၆၅ ယောက်ကို ပေးခဲ့ပြီး ရဲကျော်စွာဘွဲ့ကို ရဲအုပ် နှင်းဝေငြိမ်းနဲ့ ရဲအုပ် သဲစုဝင်းတို့ကို ပေးခဲ့ပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူက “ဒီနှစ် ရဲဗလပေးတာ အပြင်လူထက် တပ်က ရဲမေတွေ ပေးတာများတယ်။ တိုက်ပွဲမှာ ခွာစစ်ဆင်ရင်း သေသွားတဲ့ ရဲမေတွေ၊ အပြင်လူဆိုလို့ မြင်းခြံ ပြည်သူ့စစ်ခေါင်းဆောင် မသီတာယုမွန် ရယ်၊ သေသွားတဲ့ အဆိုတော် လီလီနိုင်ကျော်ရယ်၊ ဒေါပုံက ဓာတ်ဆီနဲ့ပက်ခံရလို့ သေသွားတဲ့ ဆယ်အိမ်မှူး နှင်းသီတာ ပဲ ပါတယ်” လို့ ပြောပါတယ်။

လူမှုထူးချွန် (ပထမအဆင့်) ကို သရုပ်ဆောင် စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး အပါအဝင် အမျိုးသမီး ၉ ယောက်၊ ဒုတိယအဆင့် ၄ ယောက်၊ တတိယအဆင့် ၄၄ ယောက် စုစုပေါင်း ၅၇ ယောက်ကို ပေးခဲ့ပါတယ်။

အနုပညာထူးချွန်ဆု(ပထမ)အဆင့်ကို သရုပ်ဆောင် အကယ်ဒမီ ဆွေဇင်ထိုက်ကို ပေးခဲ့ပြီး စာပေထူးချွန်ဆုကို စာရေးဆရာမကြီး ဒေါ်မြမြသန်း(ခ)မနှင်းဖွေးကို ပေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က ဒေါ်တိုးနန္ဒာတင် အပါအဝင် အမျိုးသမီး ၂၁ ယောက်ကို စီမံထူးချွန်ဆု ဒုတိယအဆင့်၊ တတိယအဆင့်၊ လယ်ယာထူးချွန် (တတိယအဆင့်)၊ စီးပွားထူးချွန် (တတိယအဆင့်) ဘွဲ့တွေကို ပေးခဲ့ပါတယ်။

ဒီနေ့ ဇူလိုင် ၃ ရက်မှာ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့မှာ စစ်ခေါင်းဆောင်က အမျိုးသမီး ၁၅၁ ယောက်ကို ဝဏ္ဏကျော်ထင် ၃ ယောက်၊ ရဲဗလ ၆၅ ယောက်၊ ရဲကျော်စွာ ၂ ယောက်၊ စီမံထူးချွန် ဒုတိယဆင့် ၂ ယောက်၊ တတိယအဆင့် ၁၅ ယောက်၊ လူမှုထူးချွန် ပထမအဆင့် ၉ ယောက်၊ ဒုတိယအဆင့် ၄ ယောက်၊ တတိယအဆင့် ၄၄ ယောက်၊ လယ်ယာထူးချွန် ၁ ယောက်၊ စီးပွားထူးချွန် ၄ ယောက်၊ အနုပညာထူးချွန် ‌၁ ယောက်၊ စာပေထူးချွန် ၁ ယောက်တို့ကို ပေးခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013