Home
အထွေထွေ
ဘိုကလေးတွင် ချောင်းထဲရေဆင်းချိုးသည့် အမျိုးသား ၂ ဦး မိကျောင်းဆွဲခံရ
DVB
·
July 4, 2025

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ လှေလုံးကွဲကျေးရွာမှာ ဇူလိုင် ၂ ရက်နဲ့ ၃ ရက်မှာ ချောင်းထဲရေဆင်းချိုးတဲ့ အမျိုးသား ၂ ယောက် မိကျောင်းဆွဲခံရပြီး တယောက်ကို သေဆုံးလျက် ပြန်တွေ့ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဇူလိုင် ၃ ရက် ညနေက လှေလုံးကွဲကျေးရွာမှာ အလုပ်ကပြန်ပြီး ချောင်းထဲရေဆင်းချိုးတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်တယောက် မိကျောင်းဆွဲခံရပြီး လိုက်လံရှာဖွေပေမဲ့ မတွေ့သေးဘူးလို့ မြို့ခံတယောက်က ပြောပါတယ်။

“မိကျောင်းက ပြန်သောင်းကျန်းလာပြီ၊ ချောင်းထဲ ရေဆင်းချိုးတဲ့သူတိုင်းကို လိုက်ဆွဲနေတာ၊ ၂ ယောက်ရှိပြီ၊ မနေ့က လူလတ်ပိုင်းတယောက် အဆွဲခံရသေးတယ်၊ အလောင်းပဲပြန်ရတယ်၊ ကောင်လေးကိုတော့ မတွေ့သေးဘူး။”

လှေလုံးကွဲကျေးရွာမှာ ဇူလိုင် ၂ ရက် မနက်က ချောင်းထဲရေချိုးနေတဲ့ အသက် ၃၂ နှစ်အရွယ်ရှိ ကိုသန်းဇော်ကို မိကျောင်းဆွဲသွားပြီး ချောင်းတလျှောက် လိုက်ရှာခဲ့ရာ ကိုက်ခဲထားတဲ့ဒဏ်ရာတွေနဲ့ အလောင်းကို ပြန်တွေ့ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“လှေလုံးကွဲမှာ ချောင်းထဲရေဆင်းချိုးရင် သတိထားရတယ်၊ မိကျောင်းဆွဲခံရရင် လွတ်တဲ့သူ ရှားတယ်။ ၂၀၁၈ ကတော့ မိကျောင်းဆွဲခံရပြီး လွတ်လာတဲ့သူတယောက် ရှိတယ်။ ဒါတောင် ခြေတွေ လက်တွေမှာ ဒဏ်ရာတွေနဲ့ ကျန်ခဲ့တာ။”

လှေလုံးကွဲကျေးရွာမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက ချောင်းအတွင်း ခြေလက်ဆေးနေတဲ့ ဦးကျော်ဆန်း ဆိုသူ မိကျောင်းဆွဲခံရပြီး ပြန်လည်လွတ်မြောက်ခဲ့ပေမဲ့ ခြေထောက်နဲ့ လက်တွေမှာ ဒဏ်ရာတွေရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

နှစ်စဥ် မိုးကျချိန်မှာ မြစ်ချောင်းအတွင်း မိကျောင်းအန္တရာယ် ရှိတာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ရေထဲမဆင်းဖို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ ရက်က ဘိုကလေးမြို့နယ်၊ သရော်ချောင်းကျေးရွာအုပ်စု၊ ဘောဂဝတီကျေးရွာမှာ အမျိုးသားတယောက် မိကျောင်းဆွဲခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013