Home
အထွေထွေ
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းများကို အစားသောက်ကတ်ပံ့ပိုးမှု ရပ်ဆိုင်းမည် 
DVB
·
July 3, 2025

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို စားနပ်ရိက္ခာပံ့ပိုးနေတဲ့ နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) က ဇူလိုင် ၃၁ ရက် နောက်ပိုင်းမှာ အစားအသောက်ကတ် ပံ့ပိုးမှု ရပ်ဆိုင်းသွားဖွယ်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

အစားအသောက်ကတ်အစီအစဉ်အတွက် TBC ရဲ့ ပင်မအလှူရှင်ဆီက ဇူလိုင် ၃၁ ရက်နောက်ပိုင်း ထောက်ပံ့ငွေ ဆက်လက်ထောက်ပံ့မှုကို အတည်ပြုမှုမရရှိတဲ့အတွက် အခုလို ထုတ်ပြန် အသိပေးတာလို့ ဆိုပါတယ်။

အခုလို အပြောင်းအလဲတွေဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ အိမ်ထောင်စုအများစုအပေါ် သက်ရောက်နိုင်ပြီး TBC အနေနဲ့ အစားအစာ ထောက်ပံ့မှုတွေ ရရှိဖို့ အကောင်းဆုံး ကြိုးပမ်းနေပေမဲ့ ရန်ပုံငွေ ကွာဟချက်တွေကို ပြန်ဖြည့်စွက်နိုင်ဖို့ မအောင်မြင်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒုက္ခသည်စခန်းတွေမှာ စံသတ်မှတ်ချက် ၃ မျိုးခွဲထားပြီး အထူးလိုအပ်ချက်ပိုရှိသော MV နဲ့ အထူးလိုအပ်ချက်ရှိသော အိမ်ထောင်စုများ V နဲ့ Standard အိမ်ထောင်စုများဆိုပြီး  ၃ မျိုး ရှိပါတယ်။

ဒီ ၃ မျိုးထဲက MV နဲ့ V ကတော့ ရိက္ခာစာအုပ်ကို အသုံးပြုပြီး ဂိုဒေါင်မှာ လစဉ်ရိက္ခာခြောက် ပစ္စည်းတွေ ဖြန့်ဖြူးပြီး ပံ့ပိုးကူညီသွားမယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

Standard အိမ်ထောင်စုတွေကတော့ ဇူလိုင် ၃၁ ရက် နောက်ပိုင်းမှာ အစားအစာ ထောက်ပံ့မှု ရရှိတော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

နောက်ဆုံး အစားအသောက်ကတ် ငွေဖြည့်ခြင်းကို ဇူလိုင် ၁ ရက်မှာ အရင်လက သတ်မှတ်ထားတဲ့ ငွေဖြည့်သွင်းတဲ့ ပမာဏအတိုင်း ပေးဆောင်မှာ ဖြည့်ပြီး ဩဂုတ်လက စပြီးတော့ ငွေဖြည့်သွင်းတာတွေ ပြုလုပ်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့ အစားအသောက်ကတ်တွေဟာ ဩဂုတ် ၃၁ ရက်အထိ ဆက်လက် အသက်ဝင်မှာ ဖြစ်ပြီး အိမ်ထောင်စုတွေအနေနဲ့ ဩဂုတ် ၃၁ မတိုင်ခင် လက်ကျန်ငွေကို အကုန်အသုံးပြုကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အိမ်ထောင်စု ရိက္ခာစာအုပ်တွေနဲ့ အစားအသောက်ကတ်တွေကိုလည်း တချိန်ချိန်မှာ ပြန်လည်လိုအပ်နိုင်တဲ့အတွက် လုံခြုံစွာ သိမ်းထားကြဖို့လည်း အကြံပြုထားပါသေးတယ်။

ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတခုဖြစ်တဲ့ အုန်းဖျန်စခန်းမှာ နေထိုင်တဲ့ မအေးနော်ကတော့ စခန်းမှာ နေထိုင်တာ ၁၅ နှစ်နီးပါး ရှိပြီဖြစ်ပြီး ကလေးမိခင်တယောက်လည်း ဖြစ်ပါတယ်။ မိသားစု ၇ ယောက်နဲ့အတူ နေထိုင်သူဖြစ်ပြီး အစားအသောက်အတွက် တခြားစရိတ်တွေမပါဘဲ ဆန်အိတ်ဖိုးနဲ့တင် မလုံလောက်ဘူးလို့ ဆိုပါတယ်။

“တလကို ၂ အိတ်လောက် ကုန်တယ်လေ၊ ပြီးရင် အိမ်မှာကလည်း လူများတယ်။ ပြီးရင် ခွေးတွေ ကြောင်တွေ များတော့ ဆန်က ၂ အိတ်လောက်မှ။ ၂ အိတ်ဆိုရင်လည်း အခုဈေးဆိုရင် ၁,၀၀၀ ဝန်းကျင်လောက် ရှိတယ်လေ။ အဲဒါဆိုရင် မနည်းဘူး ဆန်ဖိုးနဲ့ လုံးပန်းရတာပေါ့။ အဲဒါ ဆန်တခုပဲ ရှိသေးတယ်၊ ကျန်တာ မပါသေးဘူး၊ ဆေးဖိုးဝါးခတို့ အစားအသောက်ခတွေ မပါသေးဘူး။ ဆန်ဖိုးချည်းပဲ မနည်းကုန်နေပြီ။ ကမ့်ပ်ထဲမှာတော့ အကုန်လုံး ညည်းညူကြတာပေါ့၊ တယောက်တမျိုး။ ဘယ်တတ်နိုင်မလဲ၊ ကိုယ့်နိုင်ငံ ပြန်ဖို့ကလည်း မဖြစ်နိုင်ဘူးလေ၊ ဒီလိုမျိုးပဲ သည်းခံပြီး နေရတာပေါ့။ အနာဂတ်အတွက်တော့ စိုးရိမ်ပူပန်ရတာပေါ့။ သူတို့ကတော့ ပြောထားတယ် ခုနလပိုင်းကတော့ ဖြတ်မယ်လို့တော့ အရင်ကတည်းက ပြောထားတယ်။ ဖြတ်မယ်ဆိုရင်လည်း ကိုယ်‌တော့ မတတ်နိုင်ဘူးဆိုပေမဲ့ ဆက်ပြီးတော့ ကူညီစေချင်တာပေါ့။ အနာဂတ်မှာတော့ ကိုယ်က ဒီမှာနေတာ ပိုလုံခြုံတယ်လေ။ အဲဒါကြောင့်မို့လို့ ပိုပြီး စိုးရိမ်ပူပန်မှု ဖြစ်သွားတာပေါ့။”

လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော်အတွင်း မြန်မာပြည်က ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျ၊ နော်ဝေ၊ ဗြိတိန်၊ ဂျပန်နဲ့ တခြားနိုင်ငံတချို့က ခေါ်ပေးတာတွေရှိပေမဲ့ အမေရိကန်ပြည်ထောင်စုက အများဆုံးခေါ်ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့် ပေးထားတဲ့ ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၂၀ ရက်က လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ခဲ့ပါတယ်။

ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေး ကတော့ မြန်မာနိုင်ငံရဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒုက္ခသည်ဦးရေတွေ တိုးလာနေပြီး အခုလိုသာ စားနပ်ရိက္ခာ အထောက်အပံ့ ရပ်သွားရင်တော့ အခက်အခဲကြီး ကြုံရမှာလို့ ဆိုပါတယ်။

“ဗမာပြည်တွင်းမှာက မတည်မငြိမ်ပြီးတော့ သတ်တာ ဖြတ်တာ၊ မီးရှို့တာ၊ ခက်ခက်ခဲခဲကြီးပေါ့၊ ဒီလို မကောင်းဆိုးဝါးတွေကြောင့် လူတွေကလည်း မလာလို့ မရတော့ဘူး။ ဒါကြောင့် ဒုက္ခသည်စခန်းမှာဆိုရင် အရင်တုန်းက ၇၀,၀၀၀ ကျော်ကျော်လောက်ပဲ ကျန်တယ်ပေါ့နော်။ တတိယနိုင်ငံကို သွားရင်းနဲ့ပေါ့။ ဒါပေမဲ့ အခုက သိန်းပြန်ကျော်သွားပြန်ပြီ။ ဆိုတဲ့အခါကျတော့ အခုက အဲလို မကူညီပေးဘူး၊ ကူညီမှု မရတော့ဘူးဆိုရင် သူတို့ကတော့ လမ်းတွေ ဘာတွေ ရှာကြမှာပဲ။ လမ်းရှာလို့ မထွက်ခင်မှာ ဒီစခန်းထဲမှာရှိတဲ့ အမှုပြဿနာတွေတောင်မှ မနည်းဖြေရှင်းယူရတယ်။ ဆိုတဲ့အခါကျတော့ ဒီအခက်အခဲကြီးက တကယ့်အထွတ်အထိပ် အခက်အခဲကြီးလို့ ပြောရမှာပေါ့နော်။”

TBC ရဲ့ စာရင်းတွေအရတော့ မြန်မာ-ထိုင်းနယ်စပ်မှာ မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို (မယ်ရမ လူဝမ်း)၊ မယ်လအူး၊ ဘန့်ဒုံယမ်း၊ ထမ်ဟင်းနဲ့ ကရင်နီဒုက္ခသည်စခန်းတွေဖြစ်တဲ့ မယ်ဆူရင်းနဲ့ မိုင်နိုင်ဆွိုင်ဆိုတဲ့ စခန်း ၉ ခုရှိပြီး ခန့်မှန်းလူဦးရေ ၁၂၀,၀၀၀ လောက် ရှိပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အစီအစဉ်တွေ ရပ်ဆိုင်းဖို့ လက်မှတ်ထိုး အမိန့်ထုတ်လိုက်တာကြောင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) လက်အောက် လူသားချင်းစာနာ အကူအညီပေးရေး လုပ်ငန်းတွေကို ဇန်နဝါရီ ၂၅ ရက်က စပြီး ရုတ်တရက် ရပ်နားခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ International Rescue Committee (IRC) က ထောက်ပံ့နေတဲ့ ကျန်းမာရေး အပါအဝင် ကဏ္ဍသုံးခုဟာလည်း ရပ်ဆိုင်းသွားခဲ့ရပါတယ်။
ဒီလို အကူအညီတွေ ရပ်ဆိုင်းသွားပေမဲ့ ထိုင်းအစိုးရက ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်တဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆက်ပြီး ပံ့ပိုးကူညီနေခဲ့တာပါ။
ဒီလိုကူညီမှုမှာကလည်း ဆေးရုံကိုသွားဖို့ လိုအပ်တဲ့ လူနာတွေဆိုရင် ကုသစရိတ်ကို ကူညီပေးပေမဲ့ သွားရေးလာရေး ကုန်ကျစရိတ်ကတော့ ရှိနေမှာပဲ ဖြစ်ပါတယ်။

ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေနဲ့ ဒုက္ခသည်စခန်း ကော်မတီတွေဟာ ဒီလို အဘက်ဘက်က ကြုံနေရတဲ့ အခက်အခဲတွေအတွက် ထိုင်းနိုင်ငံအနေနဲ့ ဒုက္ခသည်တွေကို ဒုက္ခသည်စခန်းကနေ အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။


မြတ်သဇင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024