Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ်ဘက် ထပ်မံထွက်ပြေးလာသည့် ရိုဟင်ဂျာ ၁ သိန်းကျော် နေစရာမရှိ ဖြစ်နေ
DVB
·
April 29, 2025

မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထပ်မံထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁ သိန်းကျော် နေစရာမရှိ ဖြစ်နေတာကြောင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ခိုလှုံခွင့် ရှာဖွေပေးနေတယ်လို့ Anadolu Agency သတင်းမှာ ဧပြီ ၂၈ ရက်က ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာစစ်အုပ်စုနဲ့ အာရက္ခတပ်တော် (AA) တို့ကြား ပဋိပက္ခနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကစလို့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သိန်းကျော်အတွက် ခိုလှုံခွင့်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို တောင်းဆိုထားတာလို့ ဆိုပါတယ်။

ခုလို အသစ်ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကြောင့် ဘင်္ဂလားဒေ့ရှ်က ကော့ဇ်ဘဇားဒုက္ခ သည်စခန်းမှာ ရိုဟင်ဂျာဒုက္ခသည်ဦးရေ ၁ ဒသမ ၃ သန်းအထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

UNHCR က အသစ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နေစရာအိမ်တွေ စီစဉ်ပေးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ (RRRC) ရုံးဆီ စာရေးသားပေးဖို့ တောင်းဆိုခဲ့တယ်လို့ ကော်မရှင်နာ မိုဟာမက် မီဇန်နာရာမန်က အတည်ပြုပြောဆိုပါတယ်။

အသစ်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ လတ်တလော အိမ်ရာအသစ်ဆောက်လုပ်ဖို့ နေရာမရှိတာကြောင့် စခန်းအတွင်းက ယာယီတဲတွေ၊ စာသင်ခန်းတွေနဲ့ ဗလီတွေမှာ တည်းခိုနေကြရတယ်လို့လည်း သူက ပြောပါတယ်။

The Daily Samakal သတင်းမှာတော့ အသစ်ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေဟာ မိသားစု ၂၉,၆၀၇ ရဲ့ မိသားစုဝင်တွေဖြစ်ကာ ပြီးခဲ့တဲ့ သီတင်း ၁ ပတ်တည်းမှာတင် မိသားစု ၁၄၄၈ စုက နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ကြသလို နောက်ထပ် လူပေါင်း ၅,၉၃၀ လည်း သီးခြားစီ ရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။

အများစုကတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းကို နယ်စပ် နတ်မြစ်ကတဆင့်၊ ဒါမှမဟုတ် တောင်ကြားတွေကတဆင့် ဝင်ရောက်ကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ သူတို့အတွက် UNHCR က နေစရာတွေ စီစဉ်ပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တောင်းဆိုထားပေမဲ့ အစိုးရဘက်ကတော့ တုံ့ပြန်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာ (RRRC)  တာဝန်ရှိသူတွေကတော့ အမိုးအကာနေရာထိုင်ခင်း တိုးချဲ့တာတွေက အနာဂတ်နေရပ် ပြန်ရေး ကြိုးပမ်းမှုတွေကို ရှုပ်ထွေးစေပြီး နယ်စပ်ဖြတ်ကျော်လာသူတွေကို ပိုမိအားပေးနေသလို ဖြစ်စေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လက်ခံထားတဲ့ အိမ်ရှင်အသိုက်အဝန်း နှစ်ခုလုံးအတွက် လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရေး ပံ့ပိုးပေးနိုင်ဖို့ ဂျပန်နိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) တို့ကြား ဒေါ်လာ ၃ ဒသမ ၅ သန်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source:  Anadolu Agency

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013