Home
မြန်မာသတင်း
စိန့်မာတင်ကျွန်းအနီး၌ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၁၁ ဦးကို AA ဖမ်းဆီး
DVB
·
April 9, 2025

ဘင်္ဂလားပင်လယ်အော် စိန့်မာတင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၁၁ ယောက်ကို အာရက္ခတပ်တော် (AA) က ဧပြီ ၈ ရက်မှာ ဖမ်းဆီးခေါ်သွားတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာန Dhaka Tribune က ဖော်ပြပါတယ်။

အခုဖမ်းဆီးခံရတဲ့ ငါးဖမ်းသမား ၁၁ ယောက်နဲ့အတူ ငါးဖမ်းစက်လှေ ၂ စီးကိုလည်း စိန့်မာတင်ကျွန်းအနီး ငါးဖမ်းနေစဉ်မှာ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတယ်လို့ တက္ကနဖ် ငါးဖမ်းစက်လှေပိုင်ရှင်များအသင်းရဲ့ အတွင်းရေးမှူးဖြစ်သူ အဘူကာလက ပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်ရဲ့ ရေပိုင်နက်နယ်နိမိတ်အတွင်း စိန့်မာတင်ကျွန်းအနီးမှာ ငါးဖမ်းနေတုန်း အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေက ရုတ်တရက် ဖြတ်ကူးပြီး ငါးဖမ်းသင်္ဘော ၂ စင်းနဲ့ တံငါသည် ၁၁ ဦးကို ဖမ်းဆီးသွားတာ။ ဒီလို ထပ်ခါတလဲလဲ အဖြစ်အပျက်တွေကြောင့် ငါးဖမ်းသမားတွေကြားမှာ ထိတ်လန့်စရာတွေ ဖြစ်စေတယ်။ ဒီကိစ္စကို ဖြေရှင်းရာမှာ အစိုးရရဲ့ အကူအညီကို ကျနော်တို့ လိုအပ်နေကြတယ်။”

ဒါ့အပြင် တခြားငါးဖမ်းလှေ ၂ စီးလည်း ပျောက်ဆုံးနေကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ သူတို့ဖမ်းဆီးခံရခြင်း ရှိ၊ မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ အဘူကာလက ဆက်ပြောပါတယ်။

အခုဖမ်းဆီးခံလိုက်ရတဲ့ ငါးဖမ်းသမား ၁၁ ယောက်နဲ့ စက်လှေ ၂ စီးကို ဧပြီ ၈ ရက် မနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး Teknaf-2 BGB တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Md Ashiqur Rahman က  စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။

ငါးဖမ်းသမားတွေ ဖမ်းဆီးခံရမှုကို သတင်းရရှိထားပြီး ပြန်လည်လွတ်မြောက်နိုင်ဖို့ လုံခြုံရေးအေဂျင်စီတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ Teknaf Upazila Nirbahi အရာရှိ (UNO) Sk Ahsan Uddin က ပြောပါတယ်။

“ငါးဖမ်းသမားတွေနဲ့အတူ ငါးဖမ်းစက်လှေတွေ ပြန်ပေးဆွဲခံရတာကို ကျနော်တို့ ကြားသိထားရပါတယ်။ သူတို့တွေ ပြန်လွတ်လာနိုင်ဖို့ လုံခြုံရေးအေဂျင်စီတွေနဲ့ ဆွေးနွေးမှုတွေကနေ တဆင့် ကြိုးပမ်းသွားမှာ။”

ဘင်္ဂလားဒေ့ရှ်က ငါးဖမ်းသမားတွေဟာ ရခိုင်ပင်လယ်ပြင်အတွင်း ငါးခိုးဖမ်းမှုကြောင့် မကြာခဏ ဖမ်းဆီးခံရပြီး အာရက္ခတပ်တော်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တို့အကြား ဆွေးနွေးပြီးမှ ပြန်လည်လွှတ်ပေးတာတွေ ပြုလုပ်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၆ ရက်ကလည်း ရခိုင်ပင်လယ်ပြင်မှာ ငါးခိုးဖမ်းမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၂၁ ယောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) လက်ထဲကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

Ref : Dhaka Tribune

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013