Home
မြန်မာသတင်း
နယ်စပ်ဒုက္ခသည်စခန်းများ ထောက်ပံ့မှု လျှော့ချခံရသဖြင့် အခက်တွေ့
DVB
·
April 25, 2025

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို စားနပ်ရိက္ခာပံ့ပိုးနေတဲ့ နယ်စပ် အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) က ဧပြီလကစပြီး တလကို မြန်မာငွေ ကျပ် ၁၀,၀၀၀ အောက်နဲ့ညီမျှတဲ့ ထိုင်းဘတ်ငွေအထိ လျှော့ချခံလိုက်ရတာကြောင့် ဒုက္ခသည်စခန်းအတွင်း နေထိုင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကို စားနပ်ရိက္ခာပံ့ပိုးနေတဲ့ နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) က ဧပြီလကနေ ဇူလိုင်လအထိ ရိက္ခာထောက်ပံ့မှု အစီအစဉ်ကို လျှော့ချလိုက်တာပါ။

ကရင်နီဒုက္ခသည်စခန်းအမှတ် ၁ စခန်းကော်မတီ ဥက္ကဋ္ဌ မော်မိုးဘူးကတော့ ဧပြီ ၁ ရက်ကတည်းက လျှော့ချလိုက်တာဖြစ်ပြီး စားဝတ်နေရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

မော်မိုးဘူးက“ကျမတို့ စခန်းထဲမှာဆိုရင် စံသတ်မှတ်ချက် ရှိတယ်။ စံသတ်မှတ်ချက်ထဲမှာဆိုရင် လိုအပ်တဲ့ မိသားစုနဲ့ အထူးလိုအပ်တဲ့ မိသားစုနဲ့၊ ပြီးတော့ ခုနကပြောတဲ့ standard မိသားစုဆိုရင် သာမန်မိသားစုပေါ့နော် သုံးမျိုးသုံးစား ခွဲခြားပေးထားတာ ရှိတာပေါ့။ ကျမတို့ သာမန်မိသားစုက ဒီ ၆ လကနေ ၄ နှစ်က ၅၃ ဘတ်ပဲ ရတာပေါ့နော်။ ၅ နှစ်နဲ့အထက်ဆိုရင် ၈၇ ဘတ်ပဲ ရတာဆိုတော့ ကျမတို့ ဒီ ၈၇ ဘတ်နဲ့ ဆန်တပုံးနဲ့လည်း မရတော့ဘူး ဖြစ်နေတယ်။”

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ နိုင်ငံတကာ ကူညီထောက်ပံ့ရေး အစီအစဉ်တွေ ရပ်ဆိုင်းဖို့ လက်မှတ်ထိုး အမိန့်ထုတ်လိုက်တာကြောင့် အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (USAID) လက်အောက် လူသားချင်းစာနာ အကူအညီပေးရေး လုပ်ငန်းတွေထဲက တခုဖြစ်တဲ့ အမေရိကန်ရဲ့ ဒုက္ခသည်များ ကျန်းမာရေးအကူအညီပေးရေးအဖွဲ့ (IRC) ရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက ဇန်နဝါရီလက စတင် ရပ်နားခဲ့တာပါ။

အခုတော့ နယ်စပ်အကူအညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) က ရိက္ခာထောက်ပံ့မှု အစီအစဉ်ကို လျှော့ချလိုက်တာ ဖြစ်ပါတယ်။

ကရင်နီဒုက္ခသည် ကော်မတီ KnRC ဥက္ကဋ္ဌ နေကော်ထူးက “ဒီ ကျန်းမာရေးဝန်ဆောင်မှုပိုင်း ကျတော့ အခု ကျနော်တို့ အရေးပေါ်လူနာပဲ ဖြစ်စေ၊ မြို့ထဲမှာ သွားပြီးတော့ ကုရမယ်ဆိုရင် ကိုယ့်စရိတ်နဲ့ကိုယ် သွားပြီးတော့ ကုရတာပေါ့နော်။ အဲလိုမျိုး သွားနေရတယ်။ စားနပ်ရိက္ခာပိုင်း ကျတော့ ခုနက လျှော့ချတဲ့ အပိုင်းမှာဆိုရင် သုံးမျိုး ခွဲထားတာ ရှိတာပေါ့။ စားနပ်ရိက္ခာဝန်ဆောင်မှု ပေးထားတဲ့အပိုင်းမှာက ဆိုတော့ ဒီ standard တွေကတော့ ဟိုးအရင်တုန်းကဆိုရင် ၃၀၀၊ တလကို ၃၀၀ ရတဲ့ဟာတွေက အခုဆို ၈၇ ဘတ်ပဲရတာ၊ တလအတွင်းမှာ ၈၇ ဘတ်ဆို ဘယ်လိုစားမတုန်း” လို့ ပြောပါတယ်။

အခုလို စားနပ်ရိက္ခာထောက်ပံ့မှု လျှော့ချခံလိုက်ရသလို ဒုက္ခသည်တွေအနေနဲ့ သက်သေ အထောက်အထားတွေ မရှိတာကြောင့် အပြင်ထွက်ပြီး တရားဝင်လည်း အလုပ်လုပ်ကိုင်ခွင့် မရှိတာကြောင့် ဒုက္ခသည်တွေဟာ စိုးရိမ်နေကြပြီး အခက်အခဲ စိန်ခေါ်မှု ကြီးမားတယ်လို့ ဆိုနေကြပါတယ်။

ကရင်နီဒုက္ခသည်စခန်းအမှတ် ၁ စခန်းကော်မတီ ဥက္ကဋ္ဌ မော်မိုးဘူးက “ကျမတို့ ဒုက္ခသည် ဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်၊ အပြင်ထွက်လို့လည်း မရဘူးပေါ့နော်၊ တရားဝင် အပြင်သွား အလုပ်လုပ်လို့လည်း အဆင်မပြေဘူး ဖြစ်နေတယ်ပေါ့နော်။ နောက်ပြီး ကျမတို့ အပြင်သွားမယ် ဆိုရင်လည်း အဖမ်းဆီး ခံနေရတယ်ပေါ့နော်။ လက်ရှိ အခြေအနေအရလည်း ကျမတို့နိုင်ငံ ပြည်တွင်းမှာလည်း ‌အခြေအနေမကောင်းဘူး။ နေ့စဉ်နဲ့အမျှ ပစ်ခတ်တာတွေ၊ လေယာဉ်ဗုံးကြဲတာတွေ ဖြစ်နေတဲ့အခါကျတော့ တကယ် အခက်အခဲတွေနဲ့ အများကြီး ကြုံတွေ့နေရတာပေါ့။ ကျမတို့မှာလည်း ကိုယ်လုပ်နိုင်တဲ့စွမ်းအား ရှိနေပေမဲ့လည်း ခုနကပြောတဲ့ ဘာသက်သေအထောက်အထားမှ မရှိတဲ့အခါကျတော့ ကျမတို့အတွက် တော်တော်လေး အခက်အခဲ စိန်ခေါ်မှု ကြီးတယ်လို့ပဲ ပြောရမှာပေါ့” လို့‌ ပြောပါတယ်။

ကရင်နီ ဒုက္ခသည်စခန်း အမှတ် ၁ မှာတော့ လက်ရှိအချိန်ထိ စခန်းနေ လူဦးရေ ၁၀,၀၆၂ ယောက် ရှိပြီး TBC ရဲ့ ထောက်ပံ့မှုတွေကို စားသုံးနေတဲ့ လူဦးရေကတော့ ၈,၇၁၉  ယောက် ရှိပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်းအခြေချနေထိုင်ခွင့်ပေးထားတဲ့ ဒုက္ခသည်လက်ခံရေး အစီအစဉ်ကိုလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇန်နဝါရီ ၂၀ ရက်က ဆိုင်းငံ့ဖို့ လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ထားပါတယ်။

ဒုက္ခသည်လက်ခံရေး အစီအစဉ်က အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားကို မထိခိုက်ဘူးဆိုရင် ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်ပေးဖို့ ရက် ၉၀ အတွင်း အမိမြေလုံခြုံရေးဝန်ကြီးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ တိုင်ပင်ပြီး သူ့ကို တင်ပြနိုင်တယ်လို့ ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013