Home
မြန်မာသတင်း
ပေါက်တော ဒုက္ခသည်စခန်းအချို့တွင် ဝမ်းရောဂါကြောင့် သေဆုံးသူ ၁၃ ဦးရှိလာ
DVB
·
October 3, 2024

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်းတွေမှာ ဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် ဒုက္ခသည်တွေ သေဆုံးတာတွေ ရှိနေတယ်လို့ ဒုက္ခသည်စခန်းရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

ဝမ်းရောဂါဖြစ်ပွားနေတဲ့ ဒုက္ခသည်စခန်းတွေကတော့ ဆင်တက်မော်၊ အနောက်ရဲ၊ ကြိမ်နီပြင်နဲ့ ငှက်ချောင်း ဒုက္ခသည်စခန်းတို့ဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းတွေကစလို့ စခန်းတွင်း ဝမ်းရောဂါ စတင်ဖြစ်ပွားတာလို့ သိရပါတယ်။

ဒီအထဲက အနောက်ရဲ မွတ်ဆလင်ဒုက္ခသည်စခန်းမှာတော့ ဝမ်းရောဂါကြောင့် ၅ နှစ်အောက် ကလေးငယ် ၉ ယောက် အပါအဝင် စုစုပေါင်း ၁၃ ယောက် သေဆုံးခဲ့ပြီး လက်ရှိမှာလည်း ရောဂါဖြစ်ပွားနေကြသူတွေ ဆက်ရှိနေတယ်လို့ စခန်းတာဝန်ရှိသူတယောက်က ပြောပါတယ်။

“ဝမ်းရောဂါနဲ့ ကလေးနဲ့လူကြီး စုစုပေါင်း ၁၃ ယောက်သေပြီ။ ကလေးတွေက ၅ နှစ်အောက်လေးတွေ။ အခုလည်း ဖြစ်နေတဲ့သူတွေ ရှိသေးတယ်။ ဆေးဝါးမလုံလောက်မှုတွေ ဖြစ်နေပါတယ်။”

အနောက်ရဲအပြင် ဆင်တက်မော် ဒုက္ခသည်စခန်းမှာလည်း ဝမ်းရောဂါကြောင့် ၄ ယောက် သေဆုံးခဲ့ရပြီး လက်ရှိမှာလည်း ရောဂါဖြစ်ပွားနှုန်း မြင့်နေသေးတယ်လို့ ဆင်တက်မော် ဒုက္ခသည်စခန်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“၅ နှစ်အောက်ကလေး ၃ ယောက်နဲ့ အမျိုးသမီငယ်တဦး သေတယ်။ ဒီရက်ပိုင်းမှာ ဝမ်းရောဂါကြောင့် ဆိုးဆိုးရွားရွား ဝေဒနာခံစားနေရသူတွေလည်း ရှိနေတယ်။ အကူအညီတွေ လိုအပ်နေတယ်။”

ခုလို ဝမ်းရောဂါတွေ အဖြစ်များနေတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေကို အာရက္ခတပ်တော်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ လွှတ်ပြီး ဆေးကုသခဲ့ပေမဲ့ ဝမ်းရောဂါ ဖြစ်ပွားနှုန်းဟာ သိသိသာသာ လျော့ကျသွားတာ မရှိသေးဘူးလို့ သိရပါတယ်။

လက်ရှိ ဝမ်းရောဖြစ်ပွားမှုရှိတဲ့ ပေါက်တောမြို့နယ်က ဒုက္ခသည်စခန်းတွေမှာ လူဦးရေ ၂,၀၀၀ ကျော်ကနေ ၅,၀၀၀ ကျော်အထိ နေထိုင်ကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013