Home
မြန်မာသတင်း
တီးတိန်က စစ်စခန်း ၃ ခုကို ချင်းတပ်များသိမ်းပိုက်၊ စစ်သား ၁၅ ဦးခန့် သေဆုံး
DVB
·
June 29, 2025
Photo : CNA ပြန်ကြားရေးအရာရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ထဲမှာ ဇွန် ၂၅ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ချင်းပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ကာကင်းစခန်း ၃ ခုကို ချင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားသလို တိုက်ပွဲတွေအတွင်း စစ်သား ၁၅ ယောက်နီးပါး သေဆုံးတယ်လို့ ချင်းပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

တိုက်ပွဲတွေကနေ လက်နက်ခဲယမ်းအများအပြားလည်းသိမ်းဆည်းရရှိခဲ့သလို ချင်းရဲဘော် ၂ ယောက်လည်း ကျဆုံးခဲ့ပြီး ဇွန် ၂၈ ရက်အထိ တိုက်ပွဲတွေရှိနေတယ်လို့ ဆိုပါတယ်။

Chin National Army (CNA) ပြန်ကြားရေးအရာရှိတယောက်က “တီးတိန်မြို့နယ်ထဲမှာ တိုက်ပွဲတွေငြိမ်သက်နေတာ လဝက်လောက်ကြာခဲ့ပြီးမှ ကျန်ခဲ့တဲ့ ၄ ရက်လောက်ကမှ တိုက်ပွဲတွေပြန်ပြီး ပြင်းထန်လာခဲ့တာ။ အရင်ရက်ပိုင်းက ခိုင်ကမ်းဆင်စခန်း၊ လေထန်ကုန်းနဲ့ ထေးဇန်ကော်ဖီခြံတွေကို လေကြောင်းတိုက်ခိုက်ခံရပြီးတဲ့နောက်ရက်မှာ တိုက်ပွဲတွေပြန်စပြီး ပြင်းထန်လာတယ်လို့ ပြောလို့ရတယ်။ ကလေးဘက်ကတက်လာတဲ့ စစ်ကြောင်းနဲ့ပါ တိုက်ပွဲတွေဖြစ်နေတာ။ အခုရက်ပိုင်းမှာတော့ မွှာလ်ပီးရွာက စစ်တပ်ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်ရရှိထားတယ်။ စစ်သား ၁၅ ယောက်လောက်သေတယ်။ စနိုက်ပါတွေအပါအဝင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိထားတယ်။ အရှင်ဖမ်းမိသူတွေလည်းရှိတယ်။ ကျနော်တို့ချင်းရဲဘော် ၂ ယောက်ကျထားတယ်လို့ မြေပြင်သတင်းတွေအရသိထားရတယ်။ တိုက်ပွဲတွေငြိမ်သက်သွားရင်တော့ သက်ဆိုင်တဲ့အဖွဲ့တွေဘက်က သတင်းထုတ်ပြန်လာပါလိမ့်မယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်နဲ့လူအင်အားဖြည့်တင်းတာတွေအပြင် ကလေးမြို့ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲတွေကို Chin National Army (CNA) က ဦးဆောင်ပြီး PDF Zoland၊ CNDF တပ်ဖွဲ့တို့နဲ့အတူ တခြားမဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်နေကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

PDF Zoland ရဲ့ပြန်ကြားရေးတာဝန်ခံက “တိုက်ပွဲတွေက တန့်ယန်းနဲ့ ခိုင်ကမ်းကြားမှာဖြစ်နေတာ အခုထိ ပြင်းထန်နေလို့ ဘာမှအတိအကျပြောလို့ မရသေးပါဘူး။ ခွေးတွေတော့ ခိုင်ကမ်းရွာဘက်ကို ပြန်ဆုတ်သွားပြီ သိရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲတွေနဲ့ပတ်သက်လို့ ချင်းပူးပေါင်းတပ်ဖွဲ့တွေ​အပြင် စစ်ကောင်စီတပ်ဘက်ကလည်း သတင်းတစုံတရာထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

တိုက်ပွဲတွေပြင်းထန်နေတဲ့ တီးတိန်မြို့နယ်ထဲက မွှာလ်ပီးကျေးရွာဟာ တီးတိန်မြို့နဲ့ ဖလမ်းမြို့ကိုဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာရှိပြီး အဲဒီလမ်းပိုင်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားပေမယ့် တီးတိန်မြို့ပေါ်ကိုတော့ စစ်ကောင်စီတပ်က  ထိန်းချုပ်ထားနိုင်နေဆဲ ဖြစ်တယ်လို့လည်း ချင်းပူးပေါင်းတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013