Home
မြန်မာသတင်း
နောင်ချိုတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်
DVB
·
June 26, 2025

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမှာ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်တွေ အထိနာနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောပြီး စစ်ကောင်စီကတော့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

နောင်ချိုကို ပြန်ရဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေရဲ့ ထိုးစစ်ဟာ နောင်ချိုမြို့နဲ့ ၁၀ မိုင်ဝန်းကျင်အကွာလောက်ကို ရောက်လာခဲ့ပြီး လက်ရှိမှာတော့ တော်လှန်ရေးအင်အားစုတွေက တန်ပြန်ပြီး ထိုးစစ်ဆင်နေတဲ့ အခြေအနေလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကံကြီးဘက်မှာဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာနေတယ်လို့ ‌မြေပြင်သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ထိုးစစ်လို့ပြောရင်လည်း ပြောလို့တော့ရပါတယ်။ ဒီမှာက တက်လိုက် ဆုတ်လိုက် အနေအထားဆိုတော့ အခုကတော့ ကျနော်တို့ဘက်က ပြန်ထိုးတဲ့သဘောပါ။ မနေ့က တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အထိနာတယ်။ စခန်းဆုတ်ရတဲ့ကိစ္စတော့ ဘယ်ဟာကို ပြောတာလဲ ကျနော်မသိဘူး၊ မကြားမိဘူး။”

ဇွန် ၂၄ ရက် တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က အထိအခိုက် များတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောပါတယ်။ ဒါကြောင့် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက နောင်ချိုကို ပြန်ရဖို့အတွက် ဆက်လက်ကြိုးစားနေပြီး စစ်ကြောင်းသစ် တကြောင်းနဲ့ အင်ဝိုင်းဘက်ကနေ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့လည်း CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ အဲဒီစစ်ကြောင်းမှာ အင်အားဘယ်လောက်ပါတယ် ဆိုတာကိုတော့ စုံစမ်းနေဆဲပဲလို့လည်း ဆိုပါတယ်။

နောင်ချိုမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် ဒေသခံထောင်နဲ့ချီပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

နောင်ချိုမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လထဲမှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်က သိမ်းပိုက်ထားတာဖြစ်ပြီး တရုတ်ကြားဝင်တဲ့ ကူမင်းဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က နယ်မြေတွေ ပြန်တောင်းခဲ့ပေမဲ့ TNLA ဘက်က လက်မခံခဲ့ပါဘူး။

အဲဒီနောက် နောင်ချိုကို စစ်ကောင်စီ ထိုးဆင်စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်ပွဲက ဆက်လက်ပြင်းထန်နေတာ ဖြစ်ပါတယ်။

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013