Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ Tik Tok တွင် ဓာတ်ပုံတင်သည့် မြင်းခြံမြို့က အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
June 25, 2025

မန္တလေးတိုင်း၊ မြင်းခြံမြို့က ဒေသခံအမျိုးသမီးတယောက်ဟာ  Tik Tok   လူမှုကွန်ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံနဲ့ သူ့ရဲ့ပုံကိုတွဲပြီး တင်မိတာကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။

Than Than Soe ဆိုတဲ့ Tik Tok အကောင့်ပိုင်ရှင် အမျိုးသမီးဟာ လူထုခေါင်းဆောင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပုံကို တွဲပြီး တင်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုတင်ပြီး နောက်တနေ့ ဇွန် ၂၀ ရက် မနက်ပိုင်းမှာပဲ လာရောက်ဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

မြင်းခြံမြို့ အမှတ် ၁ ရပ်ကွက်မှာ နေထိုင်သူတယောက်က “ဟုတ်တယ်၊ အဖမ်းခံရတာ၊ သီတာယုမွန်က ဖမ်းခိုင်းတာဆိုပြီး ခေါ်သွားကြတာ၊ ပျူတွေလေ၊ ဖမ်းတုန်းကလည်း ရပ်ကွက်က ပျူတွေပါ ပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ မြင်းခြံမြို့၊ အမှတ် ၁ ရပ်ကွက် နယ်မြေ ၂ မှာ နေထိုင်သူဖြစ်ပြီး အသက် ၃၀ ဝန်းကျင်၊ ကလေး တယောက် မိခင်လို့လည်း သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့အတွက် စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ MRTV က ဝန်ထမ်း​ဖြစ်တဲ့ မနှင်းယဉ်ဖြူ (ခ) မနှောင်းနှောင်း အပါအဝင် ၄ ယောက် လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ဆုတောင်းပေးသူနဲ့ ပန်းသပိတ်ပြုလုပ်တယ်ဆိုပြီး အရပ်သား ၁၁ ယောက် အဖမ်းခံခဲ့ရသလို ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013