Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖိုရမ် ကျင်းပချိန် မော်ချီးကို စစ်ကောင်စီ ဗုံးကြဲ၊ ပြည်သူများ သေဆုံး
DVB
·
June 25, 2025

နေပြည်တော်မှာ ငြိမ်းချမ်းရေးဖိုရမ်ကျင်းပနေချိန် ကရင်နီပြည်နယ်ထဲက မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ပြည်သူ ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၂၅ ရက် ဒီမနက် ၁၁ နာရီဝန်းကျင်မှာ လေကြောင်းကနေ ပေါင် ၂၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၇ ယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ ကနဦးသိရပါတယ်။ 

ဒေသခံတယောက်က “တိုက်ပွဲဖြစ်တာက ဖားဆောင်းဘက်မှာ ဖြစ်နေတာ၊ ဖားဆောင်းဘက်ကနေ လေယာဥ်က မော်ချီးဘက်ကို လှည့်ဝဲပြီး ပြည်သူတွေ နေတဲ့နေရာကို အဓိက ကြဲတာ။ ခဲကျင်းအပေါ်တည့်တည့်ကို ကျတယ်။ ကြဲကြဲချင်း ၆ ယောက် ၇ ယောက် ဆုံးတယ်။ ထိခိုက်ဒဏ်ရာလည်း များတယ်။ လူနေထူထပ်တဲ့နေရာ ဖြစ်တာကြောင့် ထိခိုက်မှု များတယ်”လို့ ပြောပါတယ်။

မော်ချီးဒေသက စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် လေကြောင်းကနေ ဗုံးကြဲတဲ့နေရာက ခဲကျင်းဖြစ်ပြီး အလုပ်ဆင်းတဲ့သူတွေလည်း ရှိတာကြောင့် ထိခိုက်မှုများတယ်လို့ သိရပါတယ်။

စစ်ရှောင်အရေး ကူညီပေးတဲ့ ထွန်းမြန်မာဒိုနေရှင်းအဖွဲ့ ကိုဖိုးဇော်က “စစ်ကောင်စီက ပထမ စာသင်ကျောင်းတွေ ဆေးရုံတွေ ပစ်မှတ်ထားနေပြီးတော့ အခုချိန်မှာ ပြည်သူတွေ လုပ်ကိုင်ရှာဖွေ စားသောက်တဲ့နေရာတွေမှာ အရပ်သားတွေကို သတ်ဖြတ်တဲ့ကိစ္စတွေ လုပ်နေပြီ။ လေယာဥ်သံကို အထူးဂရုစိုက်ပါ။ လေယာဥ်ဝဲလာပြီဆိုတာနဲ့ နီးစပ်ရာ ဗုံးခိုကျင်းထဲ ဝင်ပါ၊ အသက်မသေဖို့ အဓိကပါ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လလောက်ကစပြီး မော်ချီးဒေသကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ဒီတကြိမ် အပါအဝင် ၆ ကြိမ်မြောက်ဖြစ်ပြီး ပြည်သူ ၁၆ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့အပြင် အယောက် ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီက Peace Forum 2025 ကို နေပြည်တော်မှာ  ဇွန် ၂၅  ရက်ဒီကနေ့စတင်  ၃ ရက်တိုင် ကျင်းပနေတာပြီး  တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်စွန့်ကြဖို့ ၊ နိုင်ငံရေးနည်းနဲ့ ဆွေးနွေးကြဖို့ စစ်ခေါင်းဆောင်က  မိန့်ခွန်းပြောကြားနေပေမဲ့ တဖက်မှာ တိုင်းရင်းသားဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013