Home
နိုင်ငံတကာ
အပစ်ရပ်ကြေညာပြီးနောက် အစ္စရေးကို ဒုံးကျည်ပစ်ခတ်မှု မလုပ်ဟု အီရန်ပြော 
DVB
·
June 25, 2025
Photo :Reuters

အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက် နာရီအနည်းငယ် အကြာမှာ အစ္စရေးဘက်ကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ခြင်း မရှိကြောင်း အီရန် လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ်က ဇွန် ၂၄ ရက်မှာ နိုင်ငံပိုင်ရုပ်သံကနေ ငြင်းဆိုလိုက်ပါတယ်။ 

အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူက“လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းက သိမ်းပိုက်ထားတဲ့ နယ်မြေတွေဆီကို အီရန်မှ ဘာဒုံးကျည်အမျိုးအစားကိုမှ ပစ်လွှတ်ခဲ့ခြင်းမရှိကြောင်း အီရန် စစ်ဦးစီးချုပ်က ငြင်းဆိုထားတယ်”လို့ ဖတ်ကြားသွားတာပါ။

အင်္ဂါနေ့အစောပိုင်းမှာ အီရန်နိုင်ငံရဲ့ ထိပ်တန်း လုံခြုံရေးအဖွဲ့ ဖြစ်တဲ့ အဓိပတိ အမျိုးသားလုံခြုံရေးကောင်စီက သူ့စစ်တပ်ဟာ အစ္စရေးကို တဖက်သတ် အရှုံးပေးတာကို လက်ခံဖို့ နဲ့ အပစ်အခတ်ရပ်စဲတာကို လက်ခံဖို့ ဖိအားပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

အစ္စရေးစစ်တပ်ကတော့ အီရန်မှ ဒုံးကျည်ပစ်ခတ်မှုတွေကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး အစ္စရေးက ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ် က ပြောပါတယ်။

အီရန်ရဲ့ ထိပ်တန်း အမျိုးသားလုံခြုံရေးကောင်စီကလည်း သူ့တပ်ဖွဲ့တွေဟာ အသစ် ထပ်မံတိုက်ခိုက်မှုတွေကို ပြတ်ပြတ်သားသားတုံ့ပြန်ဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ အီရန်-အစ္စရေး အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတွေအပေါ် စိတ်ပျက်မိကြောင်း ဇွန် ၂၄ ရက်က အိမ်ဖြူတော်မြက်ခင်းပြင်မှာ မီဒီယာတွေ မေးမြန်းချိန်မှာ ဖြေကြားခဲ့ပါတယ်။

အီရန်နဲ့ အစ္စရေးတို့က “အချိန်အကြာကြီး ပြင်းပြင်းထန်ထန် တိုက်နေကြပြီး သူတို့ဘာတွေလုပ်နေမှန်းတောင် သူတို့မသိကြဘူး" လို့ နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့မှာကျင်းပတဲ့ နေတိုးထိပ်သီးအစည်းအဝေးကို ခရီးထွက်ဖို့ သူ့ရဲ့ ရဟတ်ယာဉ်ကို သွားနေချိန်မှာ ထရမ့်ပ်က ပြောသွားတာပါ။

ရဟတ်ယာဉ်ပေါ် မတက်ခင်မှာပဲ ထရမ့်ပ်က “အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တဲ့အတွက် နှစ်ဖက်စလုံးကို မကျေနပ်ဘူး။ အထူးသဖြင့်  အစ္စရေးကို မကျေနပ်ဘူး” လို့ သတင်းထောက်တွေကို ပြောပါတယ်။

အစ္စရေးစစ်တပ်က အီရန်နိုင်ငံမှာရှိတဲ့ လေဆိပ် ၆ ခုကို ဇွန် ၂၃ ရက်မှာ တိုက်ခိုက်ခဲ့လို့ လေယာဉ် ၁၅ စင်းနဲ့ လေယာဉ်ပြေးလမ်းတွေ ပျက်စီးခဲ့တယ်လို့ BBC သတင်းဌာနက ဖော်ပြထားပါတယ်။

ပစ်မှတ်ထားတဲ့ လေဆိပ်တွေက အီရန်အနောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းတို့မှာ ရှိတယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောပါတယ်။

မောင်းသူမဲ့လေယာဉ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် F-15 နဲ့ F-5 တိုက်လေယာဉ်တွေ ဆီဖြည့်လေယာဉ်တစင်းနဲ့ AH-1 Cobra တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပျက်စီးခဲ့တယ်လို့ IDF က ပြောပါတယ်။

တိုက်ခိုက်မှုတွေဟာ လေဆိပ်တခုတည်းကိုသာ ကန့်သတ်ထားတာမဟုတ်ကြောင်း ဂျေရုဆလင်ပို့စ်က ဖော်ပြခဲ့ပါတယ်။

အစ္စရေးလေတပ်က တိုက်လေယာဉ် ၁၅ စင်းကျော်ဟာ အီရန်အနောက်ပိုင်း ခါမန်ရှားဒေသက မြေပြင်ကနေ မြေပြင်ပစ် ဒုံးကျည်တွေနဲ့ သိုလှောင်ရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်ကို ကိုးကားပြီး ဂျေရုဆလင်ပို့စ် သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီနေရာတွေဟာ အစ္စရေးပိုင်နက်အတွက် ရည်ရွယ်ပြီး အမျိုးသားလုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောခဲ့ပါတယ်။

ခုနောက်ဆုံးအကြိမ် တိုက်ခိုက်မှုတွေဟာ ခါမန်ရှား ဧရိယာက စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အစ္စရေးလေတပ် IAF က တိုက်နေတာလို့ IDF က တနင်္လာနေ့ အစောပိုင်းက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အတည်ပြုခဲ့ပါတယ်။

စစ်ဆင်ရေးအတွင်း အစ္စရေးလေတပ်ရဲ့ အဝေးထိန်းလေယာဉ်တစင်း အီရန်ပိုင်နက်အတွင်း ပျက်ကျခဲ့တယ်လို့ IDF က အတည်ပြုခဲ့ပြီး ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ အန္တရာယ်တွေနဲ့ ရှုပ်ထွေးမှုတွေလည်း တိုးလာနေတယ်လို့ ကာဒစ်စတန် ၂၄ သတင်းဌာနက ပြောပါတယ်။

အစ္စရေးဟာ အီရန်အစိုးရရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အီဗင် အကျဉ်းထောင်ကို တိုက်ခိုက်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား အများကြီးကို ထိန်းသိမ်းထားတဲ့ အဆောက်အအုံရဲ့ အစိတ်အပိုင်းတွေ ပျက်စီးခဲ့တယ်လို့ အီရန်တရားရေးဌာနက ပြောပါတယ်။

တိုက်ခိုက်မှုပြီးတဲ့နောက် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တယ်လို့ အီရန် တရားစီရင်ရေးမဏ္ဍိုင်ရဲ့ မီဇန်သတင်းဌာနက ပြောပါတယ်။

ဒဏ်ရာရသူတွေကို ထမ်းစင်ပေါ်တင်ပြီး အပျက်အစီးတွေ ပြန့်ကျဲနေတဲ့ အဆောက်အအုံ အောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာနေသူတွေကို အစိုးရ ရုပ်မြင်သံကြား ဗွီဒီယိုတွေက ပြထားပါတယ်။

အီဗင်ထောင် အပါအဝင် တီဟီရန်မြို့တော်တဝန်းက အစိုးရပစ်မှတ်တွေနဲ့ အစိုးရဖိနှိပ်ရေးအေဂျင်စီတွေကို ထိမှန်ခဲ့တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကတော့ အီဗင်အကျဉ်းထောင်ကို ပစ်ခတ်တာ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ အဲဒီနေရာမှာ ထိန်းသိမ်းခံထားရတဲ့ သူ့နိုင်ငံသား ၂ ယောက်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတယ်လို့လည်း ပြောပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013