Home
နိုင်ငံတကာ
အီရန် နျူစီမံကိန်းကို မဖျက်ဆီးနိုင်ခဲ့ဆိုသည့် ထောက်လှမ်းရေး အစီရင်ခံစာကို ထရမ့်ပ် ပယ်ချ
DVB
·
June 25, 2025
Photo: Reuters

အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိဘဲ၊ လအနည်းငယ်လောက် နောက်ရောက်သွားအောင်သာ စွမ်းဆောင်နိုင်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး ကနဦးအကဲဖြတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ 

အစ္စရေးဝန်ကြီးချုပ်ရော၊ အီရန်သမ္မတကပါ သူတို့အောင်ပွဲရပြီ ပြောနေကြသလို ထရမ့်ပ်ကလည်း အီရန် နျူစီမံကိန်းကို ပျက်စီးစေခဲ့ပြီလို့ ကြွေးကြော်နေချိန်မှာ ဒီအစီရင်ခံစာ ပေါက်ကြားလာခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ပ်ကတော့ သတင်းတု CNN ၊ ကျရှုံးနေတဲ့ The New York Times တို့ ပေါင်းပြီးတော့ သမိုင်းမှာ အအောင်မြင်ဆုံး စစ်ရေးတိုက်ခိုက်မှု တရပ်ကို သိက္ခာကျအောင် လုပ်နေတာသာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

အီရန်က နျူကလီးယားစခန်းတွေ လုံးဝ ပျက်စီးသွားပြီလို့ သူပိုင်တဲ့ Truth Social လူမှုကွန်ရက်ကနေ တုံ့ပြန်ပါတယ်။

ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထောက်လှမ်းရေး အကဲဖြတ်ချက်အရတော့ အီရန်ရဲ့ ယူရေနီယံသန့်စင်ရေး စက်ဒလက်တွေ အများအားဖြင့် မထိမခိုက်ရှိနေသေးပြီး သက်ရောက်မှုဟာ မြေပေါ်အဆောက်အအုံတွေမှာပဲ ရှိတယ်လို့ သုံးသပ်ထားပါတယ်။

နျူကလီးယားစခန်း ၂ ခုရဲ့ ဝင်ပေါက်တွေ ပိတ်သွားပြီး၊ တချို့သော အဆောက်အုံတွေ ပျက်စီးထိခိုက်သွားပေမဲ့ မြေအောက် အနက်ကြီးထဲမှာရှိနေသေးတဲ့ အဆောက်အအုံတွေ မထိမခိုက် ရှိနေသေးတယ်လို့ သုံးသပ်ထားပါတယ်။

ဒါကြောင့် အီရန်က ပြန်တူးဖို့နဲ့ ပြန်ပြင်ဖို့ ဘယ်လောက် အချိန်ယူရမလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ နျူကလီးယားစီမံကိန်း ပြန်စနိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။

အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံ တချို့ကိုလည်း တိုက်ခိုက်မှုမတိုင်ခင်ကတည်းက ရွှေ့ထားပြီးဖြစ်တယ်လို့  ယူဆရကြောင်း အဲဒီအစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

အစ္စရေး-အီရန် အပစ်အခတ်ရပ်စဲပြီလို့ ကြေညာခဲ့အပြီး နောက်မှာ ချိုးဖောက်မှုတွေ ရှိခဲ့တဲ့အတွက် ထရမ့်ပ်က နှစ်ဖက်စလုံးကို ကြိမ်းမောင်းခဲ့အပြီးမှာ လတ်တလောမှာတော့ နှစ်ဖက် အပစ်ရပ်ထားတဲ့ အခြေအနေမှာရှိနေပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013