Home
မြန်မာသတင်း
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တက်မည့်အဖွဲ့များ နေပြည်တော်ရောက် 
DVB
·
June 24, 2025

အာဏာသိမ်းစစ်ကောင်စီက ဇွန် ၂၅ ရက်မှ ၂၇ ရက်အထိ ၃ ရက်ကြာ ကျင်းပဖို့ စီစဉ်ထားတဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့အတွက် ဖိတ်ကြားထားတဲ့သူတွေ အားလုံး နေပြည်တော်ကို ရောက်နေကြပြီလို့ သိရပါတယ်။ 

ဒီဆွေးနွေးပွဲကို နိုင်ငံတကာပညာရှင်တွေ အပါအဝင် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့  NCA  တနိုင်ငံလုံးအပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တချို့ တက်ရောက်ကြမှာဖြစ်ပါတယ်။ 

ဒီဆွေးနွေးပွဲက လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေကြတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအကြောင်းကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ဆွေးနွေးကြမှာဖြစ်ပေမဲ့ သဘောတူညီချက်တွေတော့ ချမှတ်ကြမှာမဟုတ်ဘူးလို့ အဲဒီစကားဝိုင်းကို တက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။

အခုပြုလုပ်မယ့် ငြိမ်းချမ်းရေးစကားဝိုင်းကတော့ ဒီနှစ်အကုန်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စိန်ခေါ်ချက်ဖြစ်နေတဲ့ လုံခြုံရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဘက်ကလည်း အဲဒီရွေးကောက်ပွဲကို ကူညီ ဆောင်ရွက်ပေးကြဖို့ ပြောဆိုဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲက တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စ မဟုတ်ပေမဲ့ နိုင်ငံရေးအရေးကြီးဆုံးကိစ္စ ဖြစ်တာကြောင့် ကိုယ့်ယူဆချက်တွေကို ဆွေးနွေးကြမှာဖြစ်ပြီး အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေကို တက်ရောက်ဖို့ ဖိတ်ကြားထားပေမဲ့ ဘယ်အဖွဲ့တွေတက်မလဲဆိုတာ မသိသေးဘူးလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

အခုစကားဝိုင်းမှာတော့ အရင်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်ကြား ဆွေးနွေးသဘောတူထားတဲ့ အချက်တွေကို ဆွေးနွေးသွားမှာမဟုတ်ဘဲ ပေးထားတဲ့ ခေါင်းစဉ်အလိုက်သာ ဆွေးနွေးသွားကြမယ်လို့ ဆိုပါတယ်။

အခုစစ်တပ်က လုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းက မြန်မာနိုင်ငံအတွင်းမှာဖြစ်နေတဲ့ စစ်ရေးနိုင်ငံရေး အကျပ်အတည်းတွေရဲ့ ဖိအားကို လျော့ကျသွားစေဖို့ အာဏာသိမ်းစစ်တပ်က ဖော်ဆောင်တဲ့ စကားဝိုင်းသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြေပါတယ်။

ဒုတိယအကြိမ်မြောက် နေပြည်တော်မှာပြုလုပ်မယ့် အဲဒီစကားဝိုင်းကို အာဏာသိမ်း စစ်‌ခေါင်းဆောင် တက်ရောက်မိန့်ခွန်းပြောမယ်လို့ သတင်းထွက်နေပြီး ငြိမ်းချမ်းရေးစကားဝိုင်း ကျင်းပမယ့် နေပြည်တော် MICC2  အနီး  လုံခြုံရေးတိုးမြှင့်ထားပါတယ်။

 အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013