Home
နိုင်ငံတကာ
နယူးယောက်၌ တရားမဝင်ယာဉ် အစီးရေ ၁ သိန်းကျော် သိမ်းဆည်းပြီး လိုင်စင်မဲ့ စက်ဘီးရာချီ ဖျက်ဆီး
DVB
·
June 14, 2025
Photo :Reuters

၂၀၂၂ ခုနှစ်ကတည်းက နယူးယောက်မြို့ရဲ့ လမ်းပေါ်မှာ တရားမဝင် မော်တော်ယာဉ် အစီးရေ ၁ သိန်းကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် အဲရစ်ခ် အဒမ်စ်က ဇွန် ၁၂ ရက် က ပြောကြားလိုက်ပါတယ်။ 

အဲဒီအထဲမှာ မှတ်ပုံမတင်ထားတဲ့ မော်တာတပ် စကူတာတွေ၊ စက်ဘီးတွေ၊ မြေပြင်အမျိုးမျိုးမှာ သွားလာနိုင်တဲ့ လေးဘီးစက်ယာဉ် (ATVs) တွေအပြင် တစ္ဆေကားတွေလို့ တင်စားကြတဲ့ ပုံပြောင်းထားတဲ့ သို့မဟုတ် ခြေရာခံလို့မရအောင် လိုင်စင်နံပါတ်ပြားအတု လုပ်ထားတဲ့ မော်တော် ကား ၃၈၀၀၀ ကျော် အပါအဝင် မော်တော်ယာဉ်အမျိုးပေါင်းစုံ ၆၂,၃၀၀ ကျော် ပါရှိ ပါတယ်။ 

ဒီကာလအထိမ်းအမှတ်အဖြစ် ကြာသပတေးနေ့က နယူးယောက်မြို့၊ စတိတ်တန်ကျွန်းရှိ ဖှရက်ရှ်ကေးလ်စ်ပန်းခြံမှာ တရားမဝင်နှစ်ဘီးတပ်ယာဉ် အစီးရေ ၂၀၀ ကျော်ကို ဖျက်ဆီးခဲ့ ပါတယ်။

နယူးယောက်မြို့တော် ရဲဌာန (NYPD) နဲ့ အမှိုက်သန့်ရှင်းရေးဌာန (DSNY) တို့မှ ဦးဆောင်တဲ့ ဒီအစီအစဉ်ဟာ ရာဇဝတ်မှုတွေ လျော့နည်းစေပြီး အများသုံး နေရာတွေကို ပြန်ရရှိစေခြင်း အားဖြင့် နယူးယောက်မြို့ခံတွေအတွက် လူနေမှုဘဝ တိုးတက်စေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ 

တရားမဝင် မော်တော်ယာဉ်တွေကို နှိမ်နင်းမှုကြောင့် မော်တော်ကားတွေ၊ စကူတာတွေနဲ့ ဆက်နွှယ်နေတဲ့ မှုခင်းပုံစံတွေကို သိသိသာသာ လျော့ကျသွားစေတယ်လို့ မြို့တော်ဝန် အဒမ်စ်က ပြောကြားပါတယ်။ 

နှစ်အလိုက် ကိန်းဂဏန်းတွေအရ အကြီးအကျယ် ခိုးယူမှုပုံစံတွေက ၈၅ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းသွားပြီး အဲဒီမော်တော်ယာဉ်တွေ ပါ၀င်နေတဲ့ လုယက်မှုပုံစံကလည်း မနှစ်ကထက် ၆၈ ဒသမ ၂ ရာခိုင်နှုန်း လျော့ကျသွားတယ်လို့လည်း ဆိုပါတယ်။

အခုက မော်တော်ဆိုင်ကယ်တွေကို ချေမှုန်းတာ မဟုတ်ဘဲ သူတို့နဲ့ ပါလာတဲ့ ရာဇ၀တ်မှုတွေနဲ့ လူနေမှုဘဝ ပြဿနာတွေကို ချေမှုန်းတာဖြစ်တယ်လို့ နယူးယောက်မြို့တော် ရဲကော်မရှင်နာ ဂျက်စီကာတစ်ရှ်က ပြောကြားလိုက်ပြီး အဲဒီလို မှတ်ပုံတင်မထားတဲ့ ခြေရာပျောက် လိုင်စင်မဲ့ မော်တော်ယာဉ်တွေကြောင့် အများပြည်သူ ဘေးကင်းရေးကို ခြိမ်းခြောက်ခံလာရတယ် လို့လည်း ဆိုပါတယ်။

သူတို့ရဲ့ မဆင်မခြင် လုပ်ဆောင်မှုက လမ်းသွားလမ်းလာတွေနဲ့ တခြားကားသမားတွေကို အန္တရာယ်ဖြစ်စေပြီး လူဆိုးတွေ အသုံးပြုတဲ့အခါ သူတို့ရဲ့ ရာဇ၀တ်မှုဆိုင်ရာ ကိရိယာတွေ ဖြစ်လာတယ်လို့ ဂျက်စီကာ တစ်ရှ်က ပြောပါတယ်။ 

မကြာခဏဆိုသလို လုယက်ဖို့၊ ဝင်တိုက်ဖို့၊ ထွက်ပြေးဖို့၊ လမ်းတွေပေါ်မှာ မငြိမ်မသက် ဖြစ်အောင် ဖန်တီးဖို့နဲ့ ယာဉ်/လမ်းစနစ်တွေကို စည်းကမ်းဖောက်ဖို့ ဒီယာဉ်တွေကို မကြာခဏ အသုံးပြုလေ့ရှိတယ်လို့လည်း ရဲကော်မရှင်နာ ဂျက်စီကာ တစ်ရှ်က ပြောပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013