Home
နိုင်ငံတကာ
မက္ကဆီကို ရေတပ်ရွက်သင်္ဘော နယူးယောက် ဘရွတ်ကလင်းတံတားကို ဝင်တိုက်
DVB
·
May 18, 2025
Photo: REUTERS/Santiago Lyon

မက္ကဆီကို ရေတပ်လေ့ကျင့်ရေး ရွက်သင်္ဘောတစင်းဟာ နယူးယောက် ဘရွတ်ကလင်းတံတားကို ဝင်တိုက်မိခဲ့တဲ့အတွက် လူ ၂ ယောက် သေဆုံးပြီး ၁၉ ယောက် ဒဏ်ရာရခဲ့ပါတယ်။

မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်းဘောင်းက ရေယာဉ်အမှုထမ်း ၂ ယောက် ဆုံးရှုံးရတဲ့အတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်ပါတယ်။ 

“ကူအာတဲမော့” လို့ အမည်ရတဲ့ လူ ၂၇၇ ယောက် လိုက်ပါလာတဲ့  ဒီရွက်သင်္ဘောဟာ မေ ၁၇ ရက်နေ့ညပိုင်းမှာ “မီးပျောက်” (power lost) ဖြစ်သွားပြီးတော့  ဘရွတ်ကလင်းဘက်ခြမ်း၊ တံတားရှိရာကို ဦးတည်လာခဲ့တာ ဖြစ်ပါတယ်။

ဗွီဒီယိုပုံရိပ်တွေအရ သင်္ဘောရဲ့ ရွက်တိုင်ကြီးဟာ တံတားနဲ့ ဝင်တိုက်မိပြီး ရွက်တိုင်တွေပေါ်မှာ ရှိနေတဲ့ သင်္ဘောသားတွေ ပြုတ်ကျပုံပါ မြင်ခဲ့ရပါတယ်။ 

တံတားကို သင်္ဘောဝင်တိုက်တဲ့အချိန် အနီးတဝိုက်မှာ လူတွေ ဝရုန်းသုန်းကားဖြစ်ပြီး ပြေးလွှားခဲ့ကြသလို၊ ယာဉ်ကြောတွေ ပိတ်ဆို့ကုန်တယ်လို့ မျက်မြင်ကြုံရသူတွေက ပြောပါတယ်။ 

“ကူအဲတာမေ့ာ”သင်္ဘောကြီးကို အခင်းဖြစ်နေရာက ဆွဲယူသွားပြီဖြစ်ပြီးတော့၊ ဘရွတ်ကလင်း တံတားကတော့ အကြီးစား ထိခိုက်မှုမရှိတဲ့အတွက် စစ်ဆေးအပြီးမှာ ပြန်ဖွင့်ပေးထားပါတယ်။ 

အရှည် ၂၉၇ ပေ၊ အကျယ် ပေ ၄၀ ရှိတဲ့ ဒီသင်္ဘောကြီးကို ၁၉၈၂ က စတင်အသုံးပြုခဲ့တာ ဖြစ်ပြီး ရေတပ်ဗိုလ်လောင်းတွေ သင်တန်းပြီးတဲ့အခါတိုင်း နှစ်စဉ် ရွက်လွှင့် ထွက်ခွာလေ့ရှိပါတယ်။ 

ဧပြီ ၆ ရက်က မက္ကဆီကိုက ထွက်လာတာဖြစ်ပြီး အိုက်စလန်အထိသွားဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ သင်္ဘောကြီးရဲ့ ရွက်တွေဟာ ၁၄၇ ပေအထိ မြင့်ပြီးတော့ ဘရွတ်ကလင်းတံတားရဲ့ ကင်းလွတ်အမြင့်ကတော့ ၁၃၅ ပေပဲ ရှိပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013