Home
နိုင်ငံတကာ
နယူးယောက်တွင် ရဟတ်ယာဉ် မြစ်ထဲပျက်ကျပြီး လိုက်ပါလာသူ ၆ ဦးစလုံး သေဆုံး
DVB
·
April 11, 2025
Photo :Reuters

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ဟဒ်ဆန်မြစ်ထဲကို ခရီးသွားရဟတ်ယာဉ်တစင်း ဧပြီ ၁၀ ရက်က ပျက်ကျခဲ့ပြီး ကလေး ၃ ယောက် အပါအဝင် လိုက်ပါလာသူ ၆ ယောက်စလုံး သေဆုံးခဲ့ကြောင်း နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်စ်က ပြောကြားခဲ့ပါတယ်။

သေဆုံးသူတွေဟာ စပိန်က မိသားစု ၅ ယောက်နဲ့ လေယာဉ်မှူးတို့ ပါဝင်တယ်လို့ ယူဆရကြောင်း မြို့တော်ဝန် အဒမ်စ်က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောပါတယ်။

Truth Social မှာ တင်ထားတဲ့ ပို့စ်တခုမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “ဟဒ်ဆန်မြစ်ထဲမှာ ကြောက်စရာကောင်းတဲ့ ရဟတ်ယာဉ်ပျက်ကျမှု ဖြစ်ပွားခဲ့ပြီးတော့ လူ ၆ ယောက်လုံး သေဆုံးသွားတယ်။ မတော်တဆမှုရဲ့ ဗီဒီယိုဖိုင်ဟာ အတော်ကို ကြောက်စရာ ကောင်းပါတယ်။ သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်န် ဒပ်ဖီနဲ့ သူ့ရဲ့ကျွမ်းကျင်ဝန်ထမ်းတွေလည်း အဲဒီနေရာကို ရောက်ရှိနေပြီဖြစ်ပြီး မကြာခင်မှာပဲ ဘာတွေဖြစ်ခဲ့တယ် ဆိုတဲ့ အသေးစိတ် ကြေညာချက်တွေ ထုတ်ပြန်လာပါလိမ့်မယ်” လို့ ရေးသားထားပါတယ်။

နယူးယောက် ဟယ်လီကော်ပတာ ခရီးသွားလုပ်ငန်းက Bell 206 အမျိုးအစား ရဟတ်ယာဉ်ဟာ မွန်းလွဲ ၂ နာရီ ၅၉ မိနစ်မှာ မြို့လယ်ရှိ ရဟတ်ယာဉ်ကွင်းမှ ထွက်ခွာခဲ့ပြီးနောက် ဟဒ်ဆန်မြစ်ပေါ်ကနေ မြောက်ဘက်ကို ပျံသန်းခဲ့တယ်လို့ နယူးယောက်ရဲမင်းကြီး ဂျက်ဆီကာ တစ်ရှ်က ပြောပါတယ်။

ဂျော့ခ်ျဝါရှင်တန်တံတားကို ရောက်တဲ့အခါ တောင်ဘက်ကို ပြန်လှည့်ပြီး မိနစ်ပိုင်းအကြာမှာပဲ ထိန်းမနိုင်သိမ်းမရဖြစ်ကာ ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ မန်ဟက်တန်အောက်ပိုင်း နယ်မြေအနီးရှိ ရေထဲကို ဇောက်ထိုးကျသွားပြီး မြစ်အတွင်း နစ်မြုပ်သွားတယ်လို့ ဆိုပါတယ်။

လေယာဉ်မှူး၊ အရွယ်ရောက်ပြီးသူ ၂ ယောက်နဲ့ ကလေး ၃ ယောက်တို့ လိုက်ပါလာခဲ့ကြောင်း တာဝန်ရှိသူတယောက်က သတင်းထောက်တွေ ပြောကြားခဲ့ပါတယ်။

နယူးယောက်မြို့ ရဲတပ်ဖွဲ့က ရေငုပ်သမားတွေနဲ့ နယူးယောက် မီးသတ်ဌာန FDNY မှ ရေငုပ်သမားတွေက မြစ်ထဲ နစ်သွားသူတွေကို ရေထဲကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်‌။

၄ ယောက်က အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ကြောင်း သိရှိရပြီး ကျန် ၂ ယောက်က ဒဏ်ရာတွေရထားလို့ နယ်မြေဆေးရုံကို ပို့ဆောင်ပေးထားခဲ့ကြောင်းလည်း သိရပါတယ်။

ရဟတ်ယာဉ်ဟာ ရေပြင်ကို ပြောင်းပြန် တိုက်မိခဲ့တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့ NTSB က ဦးဆောင်ပြီး ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲရေး (FAA) နဲ့  စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အဲဒီရဟတ်ယာဉ်ဟာ ကြာသပတေးနေ့ရဲ့ တတိယမြောက်ခရီးစဉ်ဖြစ်ကြောင်း သတင်းရင်းမြစ်က ရိုက်တာကို ပြောပါတယ်။

ဘုရင်ခံကျွန်းပေါ်ကို ပျံသန်းခဲ့ပြီး လေဘာတီရုပ်တုအနီးကို ပျံသန်းခဲ့ကြောင်းလည်း CBS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013