Home
သတင်းဓာတ်ပုံ
ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်း နယူးယောက်က မြန်မာမိသားစုများနှင့် တွေ့ဆုံ (ဓာတ်ပုံ) 
DVB
·
March 16, 2025

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ ကမ်ပိန်း အတွက် အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းဟာ ဒေသစံတော်ချိန် မတ်လ ၁၅ ရက်မှာ နယူးယောက်မြို့က မြန်မာမိသားစုတွေနဲ့တွေ့ဆုံခဲ့ပါတယ်။

ကိုထိန်လင်းနဲ့အတူ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနဲလ်တို့လည်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့ပါတယ်။ 

NYCBC ကဦးဆောင်ပြုလုပ်တဲ့အခမ်းအနားကို နယူးယောက်မြို့ခံ မြန်မာမိသားစုတွေသာမက အမေရိကန်ပြည်ထောင်စု၊ ပြည်နယ်အသီးသီးက မြန်မာတွေလည်း ပူးပေါင်းပါဝင်ခဲ့ပြီး အခမ်းအနားတက်ရောက်လာသူ  ၇၀၀ ကျော်ရှိပါတယ်။

ကိုထိန်လင်းက "For Her, We Can. For Myanmar, We Must. ဒီခရီးစဉ်မှာ မေမေနဲ့အတူ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ မြန်မာနိုင်ငံက စစ်ဘေးသင့်ပြည်သူတွေ အမြန်ဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီရရှိဖို့ စတာတွေ ဦးစားပေးလုပ်ဆောင်ပြီး အမေရိကန်ရောက် မြန်မာနွယ်ဖွားတွေ၊ ကူညီထောက်ပံ့ပေးသူတွေနဲ့ တွေ့ဆုံသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

အခမ်းအနားမှာ ကိုထိန်လင်းရဲ့ ငယ်ဘဝဓာတ်ပုံကိုလေလံတင်ရောင်းချရမှာ ဒေါ်လာ ၈၈၈၈ နဲ့ လေလံအောင်မြင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် ပြက္ခဒိန်ကတော့ ဒေါ်လာ ၅၅၀၀ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။

တော်လှန်ရေးကာလအတွင်း ရှောင်တာနဲလ် ရေးသားထားတဲ့ ဒုတိယမြောက်စာအုပ် Best Laid Plans (ရွှေရောင်စီမံကိန်းများ)စာအုပ်တွေကို Helping Hands for Burma (H2B) အဖွဲ့က ရောင်းချပြီး တော်လှန်ရေးရန်ပုံငွေရှာဖွေခဲ့တာကို တွေ့ရပါတယ်။ 

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကနေထွက်ခွာလာတဲ့ကိုထိန်လင်းဟာ နယူးယောက် တွေ့ဆုံပွဲပြီးရင် ဘော်စတွန်၊ ဝါရှင်တန်ဒီစီ၊ အဒီယားနား(ဖို့ဒ်ဝိန်း)၊ တက္ကဆက်၊ လော့အိန်ဂျလိစ်မြို့တွေကို သွားရောက်ပြီး မြန်မာပြည်သူတွေနဲ့တွေ့ဆုံပွဲတွေ ဆက်တိုက်ပြုလုပ်သွားမှာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013