Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းထုတ်ထားသည့်ကိစ္စ ပြန်သုံးသပ်ပေးရန် NLD တောင်းဆို
DVB
·
February 27, 2025

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့အပေါ် အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်ထားတဲ့အမှုကိစ္စ ပြန်သုံးသပ်ပေးဖို့  အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) က ဖေဖော်ဝါရီ ၂၇ ရက်မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

သူတို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ - Justice Seeking Committee for Daw Aung San Suu Kyi and U Htin Kyaw ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာတွေအပေါ်  မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေအပေါ် အရေးယူဖို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့  (BROUK)က ၂၀၁၉ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိတရားရုံးကို တိုင်ကြားထားတာ ဖြစ်ပါတယ်။ 

ဒီအမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အာဂျင်တီးနားနိုင်ငံ တရားရုံးရဲ့ ဖမ်းဝရမ်းမှာ အဲဒီအချိန်က အစိုးရအဖွဲ့ အကြီးအကဲတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဓိကတာဝန်ရှိသူတွေအဖြစ် ဖော်ပြခဲ့တာပါ။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှု စွဲချက်နဲ့ ပတ်သက်လို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှာ အခြေခံဥပဒေကို လိုက်နာတဲ့အနေနဲ့ ရွေးကောက်ခံ အရပ်သားအစိုးရအဖွဲ့ ခေါင်းဆောင်အနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ရှင်းလင်း ပြောကြားပေးခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိမနေဘဲ အခုလို မသက်ဆိုင်သူတွေကိုပါ ဖမ်းဝရမ်းထုတ်လိုက်တဲ့အတွက် အဓိကတာဝန်ရှိသူ စစ်တပ်ခေါင်းဆောင်တွေရဲ့ တာဝန်ခံမှု မှေးမှိန်သွားစေပါတယ်။

BROUK အဖွဲ့က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ ပါဝင်ပတ်သက်မှု သက်သေအခိုင်အလုံ မရှိတဲ့အတွက် ဖမ်းဝရမ်းထုတ်မယ့် စာရင်းမှာ ထည့်သွင်းခြင်းမပြုဖို့ လျှောက်ထားချက်ကို အာဂျင်တီးနားတရားရုံးက လျစ်လျူရှုခဲ့ပြီး ဖမ်းဝရမ်းထုတ်ခဲ့တဲ့အတွက် ထိခိုက်နစ်နာသူတွေအတွက် တရားမျှတမှု ရှာဖွေပေးရမယ့် တရားရုံးရဲ့ ဆင်ခြင်တုံတရားနဲ့ အဂတိအစွဲကင်းမှုအပေါ် ထိခိုက်အားနည်းစေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013